အာရှ-ပစိဖိတ်ဖိုရမ်၏(၁၈)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးနှင့် (၂)နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှတက်ရောက်ခြင်း

အာရှ-ပစိဖိတ်ဖိုရမ်၏(၁၈)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးနှင့် (၂)နှစ်တစ်ကြိမ် ကျင်းပ သည့်ညီလာခံကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့ တွင် ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကော်မရှင်အဖွဲ့ဝင် (၂) ဦးဖြစ်သော ဦးလှမြင့်၊ ဒေါ်စန်းစန်းတို့သည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကိုယ်စားပြုတက် ရောက်ခဲ့ပါသည်။

          ကာတာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အလီဘင်စမစ်အမာရီသည် အာရှ-ပစိဖိတ်ဖိုရမ်၏ ယခင်ဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ပါမောက္ခ အမရာပူဆပစ်ချ် ထံမှ အာရှ-ပစိဖိတ်ဖိုရမ်၏ သဘာပတိရာထူးကို လွှဲပြောင်းရယူခဲ့ပါ သည်။

          အခမ်းအနားစတင်ရာတွင် ဒေါက်တာ အလီဘင် စမစ်အမာရီမှ စိန်ခေါ်မှုများနှင့် ပြဿနာရပ် များကို ပြန်လည်ဖြေရှင်းရန်အတွက် ယန္တရားများနှင့် ပတ်သက်သည့် သဘောတူညီမှုလိုအပ်ချက်နှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် အမြင်ချင်းပူးပေါင်းဆောင်ရွက်မှုတို့အတွက် အစိုးရများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်မှန်သည့် မိတ်ဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ ဖိုရမ်အနေဖြင့် အသုံးဝင်မည့် အကြံပြု တိုက်တွန်းချက်များ ကိုပြုလုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်းကိုလည်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ဖိုရမ်၏ လုပ်ငန်းစဉ် များအနက်တစ်ရပ်မှာ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းတို့ ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ရန် နှင့်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ တည်ထောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အပံ့ ပြုရန်ဖြစ်သည်ကိုလည်း ပြောကြားခဲ့သည်။

          ညီလာခံတွင် လူ့အခွင့်အရေးကာကွယ်သူများအနေဖြင့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များ၏ဆောင်ရွက်မှု၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရာ တွင်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍနှင့်ဒီမိုကရေစီလမ်းကြောင်းသို့ ငြိမ်းချမ်း စွာအသွင်ကူးပြောင်းမှုကို လုပ်ဆောင်ရာတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် လုပ်ဆောင်ရာတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဒီမိုကရေစီနှင့် ကောင်းမွန်သော အုပ်ချုပ်မှုတွင်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍ၊အမျိုးသမီးများ နှင့်မိန်းကလေး ငယ်များ၏ လူ့အခွင့်အရေးကို အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် မည်သို့မြှင့်တင်ကာကွယ်ပေးမည်နည်းနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများတွင် အမျိုးသမီးများ ၏အခန်းကဏ္ဍနှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍစသည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။

          ညီလာခံတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးတို့နှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် ရင်ဆိုင်တွေ့ ကြုံရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ အများပြည်သူအား သိရှိစေရန်အတွက် အားထုတ်ကြိုးပမ်းမှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

          အောက်တိုဘာလ(၁)ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက်အစည်းအဝေးနှင့်(၂)နှစ် တစ်ကြိမ်ကျင်းပသည့် ညီလာခံ၌  အိုမန်နိုင်ငံနှင့် ဆာမိုအာနိုင်ငံတို့ကို အာရှ-ပစိဖိတ်ဖိုရမ်၏တွဲဖက် အဖွဲ့ဝင်သစ်နိုင်ငံများအဖြစ် လက်ခံခဲ့ပြီး၊ ၂၀၁၄ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှ-ပစိဖိတ်ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အိန္ဒိယနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ကမ်းလှမ်းမှုကို လက်ခံသဘောတူခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့်အာရှ-ပစိဖိတ်ဖိုရမ်၏အကြိမ်(၂၀)မြောက်နှစ်ပတ်လည် အစည်း အဝေးနှင့် (၂)နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံကို မွန်ဂိုလီးယားနိုင်ငံတွင် လက်ခံကျင်းပရန် မွန်ဂိုလီးယားနိုင်ငံ၏ ကမ်းလှမ်းမှုကိုလည်း သဘောတူညီခဲ့ပါသည်။

          အာရှ-ပစိဖိတ်နှစ်ပတ်လည်အစည်းအဝေးသည် အဓိကဆုံးဖြတ်ချက်များ ချမှတ်သည့် ဖိုရမ် အစည်းအဝေးဖြစ်ပြီး၊ အများသဘောတူညီသည့် မူဝါဒများ ရယူရန်နှင့် အစီအစဉ်အသစ်များကို သဘောတူညီမှုများ ပြုလုပ်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှဆုံးဖြတ်ပေးနိုင်သော အစည်းအဝေး ဖြစ်သည်။

          မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင် ဂျော်ဒန် နိုင်ငံ၊ အာမန်မြို့၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဖိုရမ်၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး တွင် အာရှ-ပစိဖိတ်ဖိုရမ်၏ တွဲဖက်အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ ကော့သောင်းမြို့နှင့် မော်လမြိုင်မြို့များသို့ သွားရောက်၍ အကျဉ်းထောင် များအား စစ်ဆေးခြင်း

ကော်မရှင်အဖွဲ့၏ဆောင်ရွက်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်၊ အဖွဲ့ဝင် ဦးခွထီးယိုးနှင့် လူ့အခွင့်အရေးအရာရှိ ဦးဇေယျာလင်း တို့ပါဝင်သော အဖွဲ့ငယ်သည် ကော့သောင်းအကျဉ်းထောင်အားစစ်ဆေးရန် အကျဉ်းထောင် အတွင်းဖြစ်စဉ်အား စုံစမ်း စစ်ဆေးရန်နှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း ပြည်သူ လူထုအား လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ (၂၀-၉-၂၀၁၃) ရက်နေ့မှ (၂၃-၉-၂၀၁၃) ရက်နေ့အထိ သွားရောက်ခဲ့သည်။ ကော့သောင်းအကျဉ်းထောင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ တိုင်းဒေသကြီးအကျဉ်းထောင် ဦးစီးမှူးအပါအဝင် တာဝန်ရှိသူအချို့နှင့် တွေ့ဆုံ၍အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း၊ ကော့သောင်းအကျဉ်းထောင်ရှိ အကျဉ်းသားအချို့အား စုံစမ်းစစ်ဆေးခြင်း၊ ကော့သောင်း ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေရသော ဒဏ်ရာရသူ အကျဉ်းသား ဦးဇော်ဇော်၊ ဦးစိုးမြင့်နှင့် ဦးအောင်ဆန်းဝင်းတို့ (၃) ဦးအား တွေ့ဆုံခြင်း၊ အကျဉ်းသား မိသားစုဝင် အချို့ အားစုံစမ်းစစ်ဆေးခြင်း၊ ကော့သောင်းမြို့ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခြင်း တို့ကိုပြုလုပ် ခဲ့သည်။

၂၃-၉-၂၀၁၃ ရက်နေ့တွင် ကော်မရှင်အဖွဲ့ငယ်သည် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသကခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုအင်အား(၂၀၀) ကျော်ခန့်အား လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

ထို့နောက်ကော်မရှင်အဖွဲ့ငယ်သည် (၂၄-၉-၂၀၁၃) ရက်နေ့တွင် ကော့သောင်းဆေးရုံမှ ရန်ကုန်မြို့၊ ပြည်သူဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူနေသော ဒဏ်ရာရအကျဉ်းသား  ကိုအောင်အောင်ဦးအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ထွက်ဆိုချက်  ရယူခြင်းများဆောင်ရွက်ခဲ့သည်။

ကော့သောင်းအကျဉ်းထောင်မှ မော်လမြိုင်အကျဉ်းထောင်သို့ ပြောင်းရွေ့ခဲ့သည့် အကျဉ်းသား (၁၂၀) ဦးအနက်မှ အကျဉ်းသားအချို့အားတွေ့ဆုံမေးမြန်းရန် မော်လမြိုင် အကျဉ်းထောင်သို့ ၂၆-၉-၂၀၁၃ ရက်နေ့တွင်သွားရောက်ခဲ့ကာ အကျဉ်းသားများ ပြောင်းရွေ့ ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့သော အကျဉ်းဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (၁) ဦး၊ ဆေးအရာရှိ (၁) ဦးနှင့် အကျဉ်းသား (၄) ဦးတို့အား တွေ့ဆုံးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး (၂၇-၉-၂၀၁၃) ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ဖြစ်စဉ်အကျဉ်း

 တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အကျဉ်းထောင်၌ (၁၃-၉-၂၀၁၃) ရက်နေ့၊ (၂၀:၀၀) နာရီအချိန်ခန့်တွင်အဆောင်(၁) အခန်း(၄) ရှိ အကျဉ်းသား(၃)ဦး စကားများသဖြင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါ အကျဉ်းသား(၃)ဦးအား မိန်းဂျေးလ်ရုံးသို့ ခေါ်ယူစစ်ဆေး၍ လက်ကိုင်တုတ်ဖြင့်ရိုက်နှက်ခဲ့သောကြောင့် အကျဉ်းထောင်အတွင်းရှိ အခြားအကျဉ်းသားများမှ ရိုက်နှက်ခြင်းမပြုရန် ဆူပူအော်ဟစ်ခဲ့ရာမှ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆသည်။ တာဝန်ရှိသူများမှ ဆူပူခြင်းမပြုရန် လက်ကိုင်အသံချဲ့ စက်ဖြင့် သတိပေးတားမြစ်ခဲ့သည်။ အကျဉ်းသားများက ဆက်လက်ဆူပူခြင်း၊ အကျဉ်း ထောင်ခေါင်မိုးကို ဖောက်ထွက်ခြင်း၊ အကျဉ်းထောင်အပေါ်ထပ်ကြမ်းခင်းအား ဖောက်ထွက်ခြင်း၊ အကျဉ်းထောင်၏ လှေခါးလက်ရမ်းကိုရိုက်ချိုး၍ အကျဉ်းထောင် အခန်းတံခါးသော့ များအား ရိုက်ဖျက်ခြင်း၊ အကျဉ်းထောင် လုံခြုံရေးဝန်ထမ်းအချို့၏ အိပ်ယာခင်း၊ အဝတ် အစားတို့ကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အကျဉ်းထောင်ဝန်ထမ်းများက သေနတ်ဖြင့် (၃) ကြိမ် မိုးပေါ်ထောင်ဖောက်၍ ဟန့်တားခဲ့သော်လည်း ဆူပူမှုမရပ်တန့်သဖြင့်ချိန်ရွယ်ပစ်ခတ်ခဲ့သည်။ အကျဉ်းသားများမှ အကျဉ်းထောင် အခန်း(၂) ခန်း၏ မီးကြိုးများအား ဖြတ်တောက်ခဲ့သည်။ (၂၀:၄၅) နာရီအချိန်ခန့်တွင် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော အဖွဲ့ရောက်ရှိလာပြီး ဝိုင်းဝန်း ထိန်းသိမ်းလိုက်သဖြင့် ပုံမှန်အနေအထား သို့ပြန်လည် ရောက်ရှိခဲ့သည်။ (၁၅-၉-၂၀၁၃) ရက်နေ့ နံနက်အချိန်ခန့်တွင် အကျဉ်းထောင် အိပ်ဆောင်(၂) ခုကြား မြေကွက်လပ်တွင် အကျဉ်းသား(၄၀၀) ခန့် စုပေါင်း၍ “အဖြစ်မှန်ဖော်ထုတ်ပေးရေး ဒို့အရေး၊ မီဒီယာဝင်ရောက် ခွင့်ပေးရေး ဒို့အရေး၊ ထောင်ပိုင်နှင့် လူသတ်ကောင်များအား အလိုမရှိ” ဟု ကြွေးကြော် အော်ဟစ်ဆန္ဒပြခဲ့ကြသည်။ အကျဉ်းထောင်တာဝန်ရှိသူများမှ တန်းစီး(အခန်းတာဝန်ခံ)များ အား ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့သဖြင့် ဆက်လက်ဆူပူမှုမပြုဘဲ ကြွေးကြော်သံများကို စာဖြင့် တင်ပြခဲ့ကြောင်းသိရသည်။

စစ်ဆေးတွေ့ရှိချက်

        အကျဉ်းထောင်ဝန်ထမ်းများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အကျဉ်းသား(၈)ဦး သေနတ် ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ(၈)ဦး အနက် အကျဉ်းသားတစ်ဦးမှာ ဦးခေါင်းသေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အကျဉ်းထောင် ထောင်ဗူးဝတွင် သေဆုံးခဲ့ပြီး ကျန် ဒဏ်ရာရရှိသူ (၇) ဦးအား ကော့သောင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့သည့် ဒဏ်ရာရရှိခဲ့သူ အကျဉ်းသား (၇) ဦးအနက် (၁၅-၉-၂၀၁၃) ရက်နေ့ နံနက်တွင် အကျဉ်းသား တစ်ဦးအား မြိတ်ဆေးရုံ သို့လည်းကောင်း၊ နေ့လည်တွင် အကျဉ်းသား(၂) ဦးအား ထားဝယ်ဆေးရုံသို့ လည်းကောင်း၊ (၁၈-၉-၂၀၁၃) ရက်နေ့ နေ့လည်ခန့်တွင် အကျဉ်းသားတစ်ဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ရင်ခေါင်းခွဲစိတ်ကုသဌာနသို့ လွှဲပြောင်းတင်ပို့ကုသပေးခဲ့ကြောင်း သိရှိရသည်။

ကျန်ဒဏ်ရာရ အကျဉ်းသား(၃) ဦးအား ကော့သောင်းခရိုင်ဆေးရုံကြီးတွင် ဆက်လက် ကုသမှုပြုလုပ်ပေးခဲ့ပြီး ၂၁-၉-၂၀၁၃ ရက်နေ့ နံနက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း တွေ့ရှိရသည်။

(၁၈-၉-၂၀၁၃) ရက်နေ့ ညနေတွင် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား (၁၂၀) ဦးအား မော်လမြိုင်အကျဉ်းထောင်သို့ ပြောင်းရွေ့ရန် “ပြည့်ဖြိုးထွန်း ၁၅” ကုန်တင်သင်္ဘောဖြင့်တင်ဆောင်၍ ကော့သောင်းမြို့မှ ထွက်ခွာခဲ့သည်။ လမ်းခရီး၌ ရာသီဥတု ဆိုးဝါးသဖြင့် မလိကျွန်း၌ (၄) ရက်ခန့်နားခိုခဲ့ရကာ မလိကျွန်း၌နားခိုနေစဉ်တွင် တပ်မတော် (ရေ)မှ ဆေးဝါး၊ အစားအစာနှင့် သောက်ရေသန့်များ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ လမ်းခရီးတစ်လျောက်လုံး၌ အကျဉ်းသားများ ထိခိုက်ဖျားနာမှုမရှိခဲ့ဘဲ မော်လမြိုင်မြို့သို့ (၂၆-၉-၂၀၁၃) ရက်နေ့ နံနက်တွင် ကောင်းမွန်စွာရောက်ရှိခဲ့ကြောင်းသိရသည်။

ခြုံငုံဖော်ပြချက်

(က)   အကျဉ်းဦးစီးဌာနသည် ၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေနှင့် အကျဉ်းထောင်လက်စွဲ/နည်းဥပဒေအား ကိုးကားကျင့်သုံးကြောင်း တွေ့ရှိရ သည်။

(ခ)    စကားများရန်ဖြစ်သည့် အချုပ်သား(၃) ဦးအား ထောင်စည်းကမ်းအရ ပြစ်ဒဏ် ပေးခြင်းမပြုဘဲအကျဉ်းထောင် ထောင်မှူးနှင့် ဝန်ထမ်းအချို့မှ လက်ကိုင် တုတ်ဖြင့် အမှန်တကယ်ရိုက်နှက်ခဲ့ခြင်းကို စစ်ဆေးတွေ့ရှိရသည်။ ရိုက်နှက်၍ ပြစ်ဒဏ်ပေးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်း ဖြစ်သည်။ တာဝန်ရှိ သူအား အရေးယူပြုပြင်ရန် တိုက်တွန်းပါသည်။

(ဂ)    ၁၈၉၄ ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၅၉(၆) နှင့် အကျဉ်းထောင် လက်စွဲ/နည်းဥပဒေ ပုဒ်မ ၃၁၇ (ခ) တွင် “ အကျဉ်းထောင်အတွင်း စုပေါင်းတိုက်ခိုက်မှုများ (သို့) အပြင်တံခါးမကြီး (သို့) ခြံခတ်ထားသည့် အုတ်နံရံများအား တွန်းချိုးဖောက်ထွင်းရန်၊ ဖွင့်လှစ်ရန် ကြိုးပမ်းခြင်းတို့ ပြုလုပ်သော အကျဉ်းသားများအပေါ်တွင် မည်သည့်လက်နက်မဆို အသုံးပြု နိုင်သည်။ ယင်းလက်နက်များကို ဆူပူသောင်းကျန်း တိုက်ခိုက်မှုများ (သို့) ကြိုးပမ်းမှုများ ဆက်လက်ပြုလုပ်မှု ပြီးသည်အထိအသုံးပြုနိုင်သည်။” ဟု ပြဌာန်းပါရှိပါသည်။ ဤပြဌာန်းချက်တွင် ပစ်ခတ်နှိမ်နှင်းခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကန့်သတ်ထားခြင်းမရှိကြောင်း တွေ့ရသည်။ ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသော အကျဉ်းထောင် ဥပဒေနှင့် နည်းဥပဒေများ ပြဌာန်းကျင့်သုံးရန် တိုက်တွန်းပါသည်။

သတင်းမှန်၊ ဖြစ်စဉ်မှန်များ အချိန်မီထုတ်ပြန်ခြင်း၊ အသိပေးခြင်းမရှိသဖြင့် အကျဉ်းသားမိသားစုနှင့် မြို့လူထုမှာ သတင်းမှန်နှင့် ရောနှော လွှတ်လိုက်သော ကောလဟာလများကို ဟုတ်နိုးနိုးယုံ၍ စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေကြကြောင်း တွေ့ရှိရသည်။ ဥပဒေနှင့်မဆန့်ကျင်သော၊ လုံခြုံမှုမထိခိုက်သော သတင်းများထုတ်ပြန်ပေးသင့်ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၈၊ ၁၀၊ ၂၀၁၃