အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံနှင့် လူ့အခွင့်အရေးဆက်နွယ်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပါဝင် တက်ရောက်ခြင်း

အာဆီယံပဋိညာဉ်အရ အာဆီယံက အသိအမှတ်ပြုထားသည့် အ​ဖွဲ့အစည်းတစ်ရပ် ဖြစ်သော အာဆီယံလူ့အခွင့်အရေး ယန္တရားလုပ်ငန်းအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ် ရုံး၌ ကျင်းပသော အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံနှင့် လူ့အခွင့်အရေးဆက်နွယ်မှု အလုပ်ရုံ ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရ ချင်းဆိုင်ရာကော်မရှင်မှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဆီယံကော်မရှင်မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အသီးသီးမှ ကိုယ်စားလှယ် များ၊ အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ဆောင်ရေးအတွက် တာဝန်ရှိသည့် အာဆီယံ နိုင်ငံအသီးသီး၏ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်များမှာ အာဆီယံအသိုက်အဝန်းလမ်းပြ မြေပုံအား အကောင်အထည်ဖော်ဆောင်မှု အနေအထားကို လူ့အခွင့်အရေးရှုထောင့်မှ  သုံးသပ် ဆွေးနွေးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်း အသီးသီးတို့ အကြား ညှိနှိုင်းဆောင်ရွက်မှု အနေအထားကို သုံးသပ်ဆွေးနွေးရန်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲကို ဘာသာရပ်အလိုက် အပိုင်း ၆ ပိုင်းခွဲ၍ ဆွေးနွေးကြရာ အပိုင်း ၄ – လူမှုရေး – ယဉ်ကျေးမှု လမ်းပြမြေပုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်ဆွေက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲရလဒ်အဖြစ် သုံးသပ်ချက်နှင့် အကြံပြုချက် များ ပါဝင်သည့် ဆွေးနွေးပွဲ အကျဉ်းချုပ်ကို ညှိနှိုင်းပြုစုခဲ့ကြပါသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်

ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင် ခေါင်းဆောင်ပြီး အဖွဲ့ဝင်ဒေါက်တာဉာဏ်ဇော်၊ အဖွဲ့ဝင်ဒေါ်စန်းစန်းပါဝင်သော အဖွဲ့ငယ်သည် (၅-၁၁-၂၀၁၃) ရက်နေ့မှ (၁၁-၁၁-၂၀၁၃) ရက်နေ့အထိ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့နှင့် သံတွဲမြို့များတွင် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးနှင့် ပါတီအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား လူ့အခွင့်အရေးအဓိပ္ပါယ်နှင့် အနှစ်သာရများကို ဦးစစ်မြိုင်မှ လည်းကောင်း၊ တိုင်တန်းချက်များ လက်ခံဆောင်ရွက်မှုများကို ဒေါ်စန်းစန်းမှလည်းကောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ဒေါက်တာ ဉာဏ်ဇော် မှ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါအဖွဲ့ငယ်သည် (၆-၁၁-၂၀၁၃) ညနေပိုင်းတွင်စစ်တွေမြို့နယ် သက္ကေပြင် ကျေးရွာရှိ အစ္စလာမ်ဒုက္ခသည်စခန်းနှင့် ဆတ်ရိုးကျကျေးရွာရှိ ရခိုင်ဒုက္ခသည် စခန်းများသို့ သွားရောက်လေ့လာခဲ့သည်။

ထို့အပြင် (၉-၁၁-၂၀၁၃) နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်သို့လည်း ဝင်ရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေလူ့အခွင့်အရေး ဆိုင်ရာ (၁၃)ကြိမ်မြောက် အာရှ-ဥရောပ အလွတ် သဘောဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

ဆွေးနွေးပွဲကို ကမကထပြု၍ ကျင်းပသည့် အဖွဲ့အစည်းများဖြစ်ကြသော ပြင်သစ် နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီးဌာန၊ ဆွီဒင်နိုင်ငံမှ ရာအူးဝါလင်းဘတ် တက္ကသိုလ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာရှ-ဥ​ရောပအဖွဲ့အစည်းတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ ၂၀၁၃ ခုနှစ်အောက်တိုဘာလ ၂၁ ရက် မှ ၂၃ ရက်အထိ ကျင်းပသည့် လူ့အခွင့်အရေးဆိုင်ရာ (၁၃) ကြိမ်မြောက် အာရှ-ဥရောပ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

          အဆိုပါဆွေးနွေးပွဲသို့ အာရှ-ဥရောပအစည်းအဝေး (အာဆမ်) အဖွဲ့ဝင် ၄၈ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျော် တက်ရောက်ကြပြီး ဆွေးနွေးပွဲ၏ ဘာသာရပ်ခေါင်းစဉ်မှာ “လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး” ဖြစ်သည်။ ဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းကို အိမ်ရှင်နိုင်ငံဖြစ်သည့် ဒိန်းမတ်နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး မစ် အီဒါ အိုကန် ကပြောကြားသည်။ လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကုလ သမဂ္ဂကျွမ်းကျင်သူ ပါမောက္ခဂျွန်နော့နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စပ်လျဉ်း သည့် အပြည်ပြည်ဆိုင်ရာသမဂ္ဂ ဦးဆောင်ညွှန်ကြားရေးမှူး ပိုးလ် အင်းဘတ် ပက်ဒါဆွန်တို့ အပါအဝင် ပညာရှင်များက ဘာသာရပ်နှင့် စပ်လျဉ်း၍အသီးသီး ပြောကြားတင်သွင်း ကြသည်။

          ဆွေးနွေးပွဲ၌ အာရှနှင့်ဥရောပနိုင်ငံများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့် အရေးတို့နှင့်စပ်လျဉ်း၍ အဓိကကျသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အောက်ပါ ဘာသာရပ် (၄) ခု အလိုက် လုပ်ငန်းအဖွဲ့ခွဲကာ ဆွေးနွေးခဲ့ကြသည်-

(က)   စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့် အရေးဘာသာရပ်တို့ အပြန်အလှန်ဆက်နွယ်မှု၊

(ခ) သတင်းအချက်အလက်ရရှိရေး၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးနှင့် တရားမျှတမှုရှိရေး၊

 (ဂ) လှုပ်ရှားဆောင်ရွက်သူများ၊ အဖွဲ့အစည်းများနှင့် စီမံခန့်ခွဲမှုစနစ်၊

  (ဃ) ရာသီဥတုပြောင်းလဲရေးနှင့် လူ့အခွင့်အရေး ဆက်နွယ်မှု၊

အာရှ-ဥရောပအစည်းအဝေး(အာဆမ်) အဖွဲ့ဝင်နိုင်ငံအစိုးရများအတွက် ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် သတင်းပေးပို့ချက်များနှင့် အကြံပြုတိုက်တွန်း ချက်များကို ဆွေးနွေးပွဲရလဒ် အဖြစ် ဖြန့်ချိသွားမည် ဖြစ်ပါသည်။