မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် လောက်ကိုင်ဒေသလက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ်(၂/၂၀၁၅)

၁။      လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ (၉) ရက်နေ့မှစတင်၍ တပ်မတော်နှင့် ကိုးကန့် တိမ်းရှော င်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိဖြစ်ပါသည်။ တိုက်ပွဲဒေသအတွင်း ရောက်ရှိနေသော နှစ်ဖက်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအနက် ထိခိုက်ကျဆုံးသူများ၊ ဒဏ်ရာရရှိသူများ၏ အရေအတွက်မှာလည်း များပြားလှသဖြင့် စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ပါသည်။

၂။      နိုင်ငံတော်အတွင်းထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နှစ် (၆၀) ကျော်ကြာဖြစ်ပွားခဲ့သော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေရန် အပစ်အခတ်ရပ်စဲရေးကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများပါဝင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆင့်များစွာကိုကျော်လွှားလွန်မြောက်ခဲ့ပြီး ဖြစ်သည်ဟု ယူဆပါသည်။ ယခုဖြစ်ပွားသော လောက်ကိုင်ဒေသလက်နက်ကိုင်ပဋိပက္ခမှာ အသစ်တဖန် ပြန်လည်ဖြစ်ပွားလာသည်ကို တွေ့ရှိရသဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်လာမည်ကို ကော်မရှင်အနေဖြင့် စိုးရိမ်ပူပန်မှုရှိပါသည်။

၃။      လက်နက်ကိုင် တိုက်ပွဲများကြောင့်ဖြစ်စေ၊ လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်ရေးသဘောအရ အရေးယူ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ နှစ်ဘက်တပ်ဖွဲ့များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် နှင့် ပိုင်ဆိုင်မှု များအားထိခိုက်မှုမရှိစေရေး အထူးသတိပြုသင့်ကြောင်း တိုက်တွန်းပါသည်။

၄။      ယနေ့ အချိန်အခါသည် အယူအဆ သဘောထားကွဲလွဲမှုများကို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် စတင်ဖြစ်ထွန်းနေပြီဖြစ်သဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ပါက ပြည်သူလူထုအတွက် စိတ်သက်သာဖွယ်ရာ ဖြစ်စေနိုင်မည်ဟုယူဆ ပါသည်။

၅။      လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားတိုင်း ၎င်းနယ်မြေရှိပြည်သူများသည် မြေဇာပင်သဖွယ် ဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်များ ပေါ်ပေါက်လျက် ရှိပါသည်။ ၎င်းတို့၏ အခြေခံလိုအပ်ချက်များ ဖြစ်သော လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ထောက်ပံ့ပေးပါရန်နှင့် ဒုက္ခသည် များသို့ တန်းတူညီမျှပေးပါရန် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးသို့ မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။

၆။      လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရေး လုပ်ငန်းများကို ဘေးအန္တရာယ် မပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်

စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ နောက်မျိုးဆက် အသင်းအဖွဲ့နှင့် လူမှုရေးဆိုင်ရာ တာဝန်ယူမှုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် မှ တက်ရောက်ခြင်း

စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ နောက်မျိုးဆက် အသင်းအဖွဲ့ နှင့်လူမှုရေးဆိုင်ရာ တာဝန်ယူမှုဆွေးနွေးပွဲ (Business and Human Rights Consultation Session and The ASEAN Next- Gen CSR Forum) ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက် နှင့် (၅) ရက်တွင် ကျင်းပခဲ့ပါသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် မှ အဖွဲ့ဝင် ဦးစိုးဘုန်းမြင့် တက်ရောက်ခဲ့ပါ သည်။

          အဆိုပါ ညှိနှိုင်းအစည်းအဝေးနှင့် ဆွေးနွေးပွဲကို The ASEAN CSR Network and Singapore Management University School of Law’s Asian Business and Rule of Law Initiative ( SMU-ABRL) က ကျင်းပ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး၊ ASEAN CSR Network နှင့် SMU ၊ UN Working Group for Business and Human Rights တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်၏ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ကိုယ်စားလှယ်များ နှင့် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ၏စီးပွားရေး အကြံပေးနှင့် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ နှင့် Human Rights Centre မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ကိုယ်စားလှယ်များ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် တက်ရောက် ဆွေးနွေးကြပါသည်။

          ယင်းညှိနှိုင်း အစည်းအဝေးနှင့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ အတည်ပြုထားသော စီးပွားရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန် အခြေခံမူများ၊ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများသည် စီးပွားရေးနှင့်ဆက်စပ်၍ လူ့အခွင့်အရေး ထိခိုက်နိုင်မှု အန္တရာယ်ကို တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းများ ကို ဖော်ညွှန်းထားပြီး ယင်းကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများကို နိုင်ငံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများက ထောက်ခံကြမှုများ၊ ယင်း ကုလသမဂ္ဂလမ်းညွှန် အခြေခံမူများနှင့်အညီ နိုင်ငံတော်အဆင့် ဆောင်ရွက်ရန် အမျိုးသားစီမံချက် (National Action Plan) (NAP) ကိုထား၍ တိုးတက်ဖွံဖြိုးလာ စေရေးအတွက် ဆောင်ရွက်ရန်ကိစ္စများ၊ ၂၀၁၅ခုနှစ်နောက်ပိုင်း အာဆီယံဒေသ အတွင်း အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ခုနှစ်နောက်ပိုင်း အာဆီယံ ဒေသအတွင်း စဉ်ဆက်အပြတ်တိုးတက်မှုဖြစ်ပေါ်ရေး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပုဂ္ဂလိက အခန်းကဏ္ဍ၊ အဂတိကင်းစင်သော အာဆီယံဖြစ်ပေါ်ရေး၊ နည်းလမ်း မှန်ကန်စွာဖြင့် အရင်းအမြစ်အသုံးချမှု နှင့် စီမံခန့်ခွဲမှု မှန်ကန်ခြင်းဖြင့် အာဆီယံ၏ စဉ်ဆက်မပြတ် စီးပွားရေးအလားအလာ အာမခံချက်များဆိုင်ရာ ကိစ္စများကို ဆွေးနွေးကြပါသည်။

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF)၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခြင်း

မလေးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (SUHAKAM) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာလင်း တို့သည် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့များတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များ ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ဖွင့်လှစ်ရန်ကိစ္စ၊ အာဆီယံ ဒေသတွင်း အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အခန်းကဏ္ဍ၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး တွင် SEANF ၏ အခန်းကဏ္ဍ၊ သက်ကြီး ရွယ်အိုများအခွင့်အရေးနှင့်စပ်လျဉ်း၍ SEANF အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။