ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်း ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ( RWI ) ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲ ကို ၂၀၁၅ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်ပြီး ရှင်းလင်းအမှာစကား ပြောကြားခဲ့ပါသည်။

          အဆိုပါ အလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်အဆင့် အရာထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြနှင့် ဦးခင်မောင်လေး တို့က လူ့အခွင့်အရေးဆိုင်ရာ သမိုင်းကြောင်းနှင့် အနှစ်သာရများ ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ ပဲရစ်အခြေခံမူနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ အကြောင်း၊ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များအကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့်ဆောင်ရွက်ချက်များကို ရှင်းလင်းပို့ချဆွေးနွေး ခဲ့ကြပါသည်။ အလုပ်ရုံသင်တန်း အပြီးတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက သင်တန်း တက်ရောက်ကြသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး၌ လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာရှင်းလင်းဆွေးနွေးပွဲများကျင်းပ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်ရန်ရှိသည့် လူ့အခွင့်အရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသအဖြစ် “လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ”ကို ၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာ ဉာဏ်ဇော်တို့ တက်ရောက် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုင်ရာအနှစ်သာရများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် တိုင်တန်းချက်လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ကော်မရှင် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများမှပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း(၂၉၇) ဦး တက်ရောက်ခဲ့သည်။

အလားတူ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀-၅-၂၀၁၅ နေ့ မွန်းလွဲ ၁နာရီကလည်း မြိတ်မြို့ ပုလဲရတနာခန်းမ၌ပြုလုပ်ခဲ့ရာ မြိတ်မြို့နယ်မှ မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၂၀၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နေပြည်တော်၌ လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) တို့ ပူးပေါင်းဆောင်ရွက်သည့် လူ့အခွင့်အရေး အသိပညာမြှင့် တင်ရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပသော “ရပ်ရွာအတွင်းအခြေခံအဆင့် လူ့အခွင့်အရေး အသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ”ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာကန်တော်ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

၂။      အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးယုလွင်အောင်နှင့် ဦးခင်မောင်လေးတို့က လူ့အခွင့်အရေးဘာသာရပ်နှင့်စပ်လျဉ်း၍ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပျဉ်းမနားမြို့နယ်ရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဝင်များ အပါအဝင် NGO ၊ CSO များမှ အသင်းဝင်များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသည် တစ်ရက်တာအစီအစဉ် ဖြစ်ပြီး ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအခြေခံ သဘောတရားများ နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ ထွန်းကားလာစေရန် ရည်ရွယ်ပြု လုပ် ခြင်းဖြစ်သည်။

၃။      အလားတူ လူ့အခွင့်အရေးဆိုင်ရာအသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မေလ(၁၄)ရက်နေ့ နံနက်(၉) နာရီမှ ညနေ (၄)နာရီ အထိ နေပြည်တော် လယ်ဝေးမြို့၊ မြို့မ အမှတ်(၆) အလယ်တန်း ကျောင်းခွဲ၌ ထပ်မံ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၆/၂၀၁၅)

၁။      ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ စုံစမ်း စစ်ဆေးရန် ကော်မရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ အထူးအစီရင်ခံစာအဖြစ် တင်ပြပြီး အများပြည်သူ သိရှိနိုင်ရန်အတွက် လည်း ၂-၁၂-၂၀၁၄ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။ ယင်းကဲ့သို့ ထုတ်ပြန်ရာတွင် ဤအမှု ကို ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ပါကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။

၂။      ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုသည် တန်းပြည့်စစ်မှုထမ်းချိန် အတွင်း ဖြစ်ပွားကြောင်း အခိုင်အမာ ပေါ်ပေါက်ခဲ့သည့်အတွက် တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၂ အရ စစ်တရားရုံး၏ စီရင်ခွင့်အာဏာအတွင်း ကျရောက်သဖြင့် ၁၉၅၉ ခုနှစ် တပ်မတော်အက် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စစ်ဘက်တရား စီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းစစ်တရားရုံးချုပ်အမှတ်စဉ် (၁၄၆/၁၄၇) တို့ဖြင့် အမှတ်(၂၁၀) ခြေမြန်တပ်ရင်းမှ အစောင့်စစ်သည် (၂)ဦးဖြစ်သည့် ဒုတိယတပ်ကြပ် ကျော်ကျော်အောင် နှင့် တပ်သား နိုင်လင်းထွန်းတို့အပေါ် တပ်မတော် အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ တို့ဖြင့် စစ်ဆေးခဲ့ပြီး တရားသေလွှတ်သည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း နှင့် ယင်းဆုံးဖြတ်ချက်ကို တိုင်းမှူး အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အတည်ပြုခဲ့ကြောင်း သိရှိ ရပါသည်။

၃။      အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှု အပေါ် အရာရှိ စစ်သည်များအား အရေးယူမှုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တပ်မတော် အက်ဥပဒေတို့နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်ကြားချက်အရ သိရှိရပါသည်။

                              မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ မေလ( ၈ )ရက်

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် UN Women တို့ပူးပေါင်း၍ UN Security Council Resolution 1325 on Women Peace, Security and Related Resolution အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် UN Women တို့ပူးပေါင်းပြီး UN Security Council on Resolution on Women Peace, Security and Related Resolution အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် အမရာဟိုတယ်တွင် ဧပြီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတက်ရောက်၍ အဖွင့် အမှာ စကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြတို့က အမှာစကားအသီးသီးပြောကြားခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့် အရာထမ်းများ၊ UN Women မှ Senior Gender Advisor, Dr Jean D’cunha တို့ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၃၂၅) တွင် ပါရှိသော စစ်ပွဲ များကြောင့်အမျိုးသမီးများအပေါ်ထိခိုက်နစ်နာမှု၊ ပဋိပက္ခ ဖြေရှင်းရေးတွင် အမျိုးသမီးများ၏ အရေးပါမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲမှနေ၍ Outcome Statement of Senior Officials Workshop on UN Security Council Resolution 1325 on Women, Peace and Security and Related Resolutions ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။