အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခြင်း

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွှန့်ဆွေနှင့် ကော်မရှင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပသော အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် SEANF အမြဲတမ်းအတွင်းရေးမှူးရုံးချုပ်တည်ထောင်ရန်ကိစ္စ၊ အရှေ့တောင် အာရှဒေသတွင်း ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်ခံသူများ၊ လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတွင် SEANF ၏ အခန်းကဏ္ဍ အပါအဝင် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ပါဝင်တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြ သည်။

မန္တလေးတိုင်းဒေသကြီး အတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

၁။        မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI)၊ တို့ ပူးပေါင်းဆောင်ရွက်သည့် လူ့အခွင့်အရေး အသိပညာမြှင့် တင်ရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပသော “ရပ်ရွာအတွင်း အခြေခံအဆင့် လူ့အခွင့်အရေး အသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြိုနယ်ရှိ Hotel 76 ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

၂။      အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမြင့်ကြည်နှင့် ဦးခင်မောင်လေးနှင့် Equality Myanmar မှ ဦးအောင်ဇော်ထွေးတို့က လူ့အခွင့် အရေး ဘာသာရပ်နှင့်စပ်လျဉ်း၍ ဦးဆောင် ဆွေးနွေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဝင်များ အပါအဝင် NGO ၊ CSO များမှ အသင်းဝင်များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသည် တစ်ရက်တာအစီအစဉ် ဖြစ်ပြီး ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအခြေခံ သဘောတရားများ နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ ထွန်းကားလာစေရန် ရည်ရွယ်ပြု လုပ် ခြင်းဖြစ်သည်။

၃။      အလားတူ လူ့အခွင့်အရေးဆိုင်ရာအသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ(၁၂)ရက်နေ့ နံနက်(၉) နာရီမှ ညနေ (၄)နာရီ အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ နားမကြားသော ကလေးများသင်တန်းကျောင်း၌ ထပ်မံ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အကြားအာရုံချို့တဲ့သူမသန်စွမ်းများ အပါအဝင် NGO ၊ CSO များမှ အသင်းဝင်များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံသင်တန်းကျင်းပပြုလုပ်ခြင်း

၁။        မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ( RWI ) ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲ ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြိုနယ်ရှိ Hotel 76 တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်ပြီး ရှင်းလင်းအမှာစကား ပြောကြားခဲ့ပါသည်။

၂။        အဆိုပါ အလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် အရာထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည် နှင့် ဦးခင်မောင်လေး တို့က လူ့အခွင့်အရေးဆိုင်ရာ သမိုင်းကြောင်းနှင့် အနှစ်သာရများ ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ ပဲရစ်အခြေခံမူနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ အကြောင်း၊ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များအကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့်ဆောင်ရွက်ချက်များကို ရှင်းလင်းပို့ချဆွေးနွေး ခဲ့ကြပါသည်။ အလုပ်ရုံသင်တန်း အပြီးတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက သင်တန်း တက်ရောက်ကြသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။