မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ပြုလုပ်ခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ဆွီဒင်နိုင်ငံအ​ခြေစိုက် Raoul Wallenberg Institute ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့ တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဇေယျနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါသင်တန်းကို ဇူလိုင်လ (၂၂) ရက်မှ (၂၃) ရက် နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီး အတွင်းမှ အစိုးရ အရာထမ်းစုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် တို့က လူ့အခွင့် အရေးဆိုင်ရာ အနှစ်သာရနှင့် အခြေခံသဘောတရားများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာ နိုင်ငံမှ ပါဝင် ချုပ်ဆိုထားသော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများ နှင့်ပက်သက်ပြီး ရှင်းလင်းပို့ချ ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ကိုရီးယားအမျိုးသားလူ့အခွင့်အရေး ကော်မရှင် လာရောက် လေ့လာခြင်း

၁။      တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ Mr. Yoontaik Kim ​​ဦးဆောင်သော အဖွဲ့ဝင် (၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်ရုံး တည်ရှိရာ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်သို့ လာရောက်၍ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား လေ့လာခဲ့ကြရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် တာဝန်ရှိသူများက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြ ပါသည်။

၂။      အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ထပ်မံ တွေ့ဆုံသွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးယုလွင်အောင်၊ ဦးခင်မောင်လေး ဦးစိုးဘုန်းမြင့်နှင့် ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့ ပါဝင်သောအဖွဲ့သည် လူ့အခွင့်အရေး အကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားများကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံမြို့၊ ဧရာဝတီခန်းမ၌ လည်းကောင်း၊ ညနေပိုင်းတွင် တောင်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်လည်းကောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့နယ်၊ စပါးခန်းမ၌ လည်းကောင်း ပြုလုပ်ခဲ့ကြရာ မြို့နယ် အသီးသီးမှ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် များနှင့် ပြည်သူလူထုများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက လူ့အခွင့်အရေး ဆိုင်ရာအနှစ်သာရနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က နိုင်ငံတကာအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဆိုင်ရာ ပါရီအခြေခံမူများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြ သူများ၏ မေးမြန်းချက်များအပေါ် ကော်မရှင်အဖွဲ့က ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးတွင် ဖွင့်လှစ်လျက်ရှိသည့် ရဲအရာရှိများအထူးမွန်းမံသင်တန်းအမှတ်စဉ် (၂၃) တွင လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် နှင့် ကော်မရှင် ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းတို့သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးတွင် ဖွင့်လှစ်လျက်ရှိသည့် ရဲအရာရှိများအထူးမွန်းမံသင်တန်းအမှတ်စဉ် (၂၃) တွင် လူ့အခွင့်အရေး အယူအဆ နှင့် သမိုင်းကြောင်း၊ ပဲရစ်အခြေခံမူများနှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် လုပ်ငန်းဆေင်ရွက်ချက်များ အကြောင်းတို့ကို ဇူလိုင်လ(၁) ရက်နေ့တွင် သွားရောက်ပို့ချခဲ့ကြပါသည်။

သင်တန်းသားများမှလည်း သင်တန်းမတက်ရောက်မီနှင့် တက်ရောက်ပြီးနောက် နားလည်လာ သောလူ့အခွင့်အရေးအပေါ် အမြင်သဘောထားများနှင့် လူ့အခွင့်အရေးမြှင့်တင်/ကာကွယ်ရေး လုပ်ငန်းများကို ပိုမိုတိုးတက်လာအောင်မည်ကဲ့သို့ ဆောင်ရွက်သင့်သည်များကို ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။

လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute (RWI) ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် ရပ်ရွာလူထုအခြေပြု လူမှု့အသိုင်းအဝန်းအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၆-၆-၂၀၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဦးခင်မောင်လေးနှင့် ဦးစိုးဘုန်းမြင့်တို့က လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို ဦးဆောင်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ NGO၊ CSO များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂။      အလားတူ အလုပ်ရုံဆွေးနွေးပွဲကို ၂၉-၆-၂၀၁၅ ရက်​​နေ့တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် များ ဖြစ်ကြသော ဦးဇော်ဝင်း၊ ဦးခင်မောင်လေး နှင့် Equality Myanmar မှ ဦးအောင်မျိုးမင်းတို့ က ဦးဆောင်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ NGO၊ CSO များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။