လူ့အခွင့်အရေး ရုပ်သံဇာတ်လမ်းပြသနိုင်ရေး အတွက် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထု အတွင်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် လူ့အခွင့်အရေး ဆိုင်ရာ ရုပ်သံ ဇာတ်လမ်းတို တစ်ခုကို ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဇာတ်လမ်းအား ပြည်တွင်း ရုပ်သံလိုင်း များတွင် ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ကော်မရှင် အစည်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်း အဝေးသို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ကော်မရှင် ရုံးအဖွဲ့မှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့် ပညာပေးရေးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြား၊ ​​​ ရွှေသံလွင်ကုမ္ပဏီ၊ Forever Media Group တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အာဆီယံနိုင်ငံများအကြား ညှဉ်းပန်းနှိပ်စက်ခြင်းကို တားဆီးခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပေးခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တက်ရောက်ခြင်း

အာဆီယံနိုင်ငံများအကြား ညှဉ်းပန်းနှိပ်စက်ခြင်းကို တားဆီးခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပေးခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Preserving Human Dignity by Preventing Torture and Ill-Treatment among ASEAN Member States) ကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၅ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးစိုးဘုန်းမြင့် တက်ရောက်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန့်စင် နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးတို့လည်း တက်ရောက်ခဲ့ပါသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်၏ အင်ဒိုနီးရှား ကိုယ်စားလှယ် (Representative of Indonesia to the ASEAN Intergovernmental Commission on Human Rights (AICHR)) နှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ကြီးမှူးကျင်းပ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ AICHR ကိုယ်စားလှယ်များ၊ အာဆီယံ ဒေသတွင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများမှ အစိုးရအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဥရောပ နှင့် အာဖရိကဒေသများမှ ကျွမ်းကျင်သူများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံများနှင့် တီမောလက်(စ်)တေ နိုင်ငံတို့ရှိ အမျိုးသား လူ့အခွင့် အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆန့်ကျင်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း ဦးဆောင်ဦးရွက်ပြုသူအဖွဲ့ (Convention against Torture Initiative) (CTI) မှ ကိုယ်စားလှယ်များ၊ ညှင်းပန်းနှိပ်စက်မှု ငြင်းချက်များအပေါ် အလေးထား လုပ်ဆောင်သော အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အရပ်ဘက် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ညှဉ်းပန်း နှိပ်စက်ခြင်းကို ဆန့်ကျင်သည့် ကုလသမဂ္ဂသဘောတူစာချုပ် (UNCAT) အား အတည်ပြုပါဝင် ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပြီး CTI မိတ်ဖက် အဖွဲ့ဝင်နိုင်ငံဖြစ်သော ဖီဂျီနိုင်ငံနှင့် တီမောလက်(စ်)တေ နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေး ကြပါသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ပုံစံများဖြင့် ရက်စက် ကြမ်းကြုတ်စွာ ပြုကျင့်မှု အန္တရာယ်လျှော့ချရေးအတွက် တားဆီးကာကွယ်ရေးဆိုင်ရာ ချဉ်းကပ်မှု အပေါ် အာဆီယံနိုင်ငံများအကြား နားလည်မှုတိုးမြှင့်စေရန်နှင့် တားဆီးကာကွယ်ရေး ဆိုင်ရာ ချဉ်းကပ်မှုတွင် အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များ အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲတွင် အခြားဆွေးနွေးမှုများအနက် အာဆီယံနိုင်ငံများအကြား လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ စာချုပ်များ အတည်ပြု လက်မှတ်ရေးထိုးရေးအတွက် အားပေးခြင်း စသည့် ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံများ၏ အတွေ့အကြုံနှင့်တကွ ရှင်းလင်းဆွေးနွေးကြပါသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ပြုလုပ်ခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ဆွီဒင်နိုင်ငံအ​ခြေစိုက် Raoul Wallenberg Institute ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့ တွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကိုယ်စား အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြား ခဲ့ပါသည်။

          အဆိုပါသင်တန်းကို သြဂုတ်လ (၁၁) ရက်နေ့မှ (၁၂) နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှ အစိုးရ အရာထမ်းစုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် နှင့် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည် တို့က လူ့အခွင့် အရေးဆိုင်ရာ အနှစ်သာရနှင့် အခြေခံသဘောတရားများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာ နိုင်ငံမှ ပါဝင် ချုပ်ဆိုထားသော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများ နှင့်ပက်သက်ပြီး ရှင်းလင်းပို့ချ ခဲ့ပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် ဖွင့်လှစ်လျက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၅၀) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်လေးသည် ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် ဖွင့်လှစ်လျှက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်းအမှုထမ်း စီမံခန့်ခွဲမှု အမှတ်စဉ် (၅၀) တွင် လူ့အခွင့်အရေး အယူအဆနှင့် သမိုင်းကြောင်း၊ ပဲရစ် အခြေခံမူများနှင့် အမျိုးသား လူ့အခွင့်အရေးအကြောင်းတို့ ကို သြဂုတ်လ (၁၀) ရက်နေ့တွင် သွားရောက်ပို့ချခဲ့ကြပါသည်။ သင်တန်းသူ၊ သင်တန်းသားများက သိရှိလိုသည်များ မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ သင်တန်း သို့ အလယ်အလတ်အဆင့်အရာထမ်း (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee တို့တွေ့ဆုံခြင်း

DSC03955 DSC03960 DSC03965

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee တို့သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံး တွင် တွေ့ဆုံခဲ့ကြပါသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေး လုပ်ငန်းများ နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ တိုင်တန်းချက်များ လက်ခံဆောင်ရွက်မှုများနှင့် ကော်မရှင်က နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (ကချင်/ မွန်/ ရှမ်း) ဘာသာဖြင့် စတင်မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကျင်းပ (ရန်ကုန်၊ သြဂုတ် ၇)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) ၏ ပူးပေါင်းကူညီမှု၊ ဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးမှုအစီအစဉ် (Sida) ၏ ပံ့ပိုးမှုတို့ဖြင့် ကမ္ဘာ့ကုလသမဂ္ဂက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights – UDHR) ကို မြန်မာဘာသာဖြင့် ၁၈-၆-၂၀၁၃ ရက်နေ့တွင် ပြန်ဆိုဖြန့်ချိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကချင်၊ မွန်၊ ရှမ်းတိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုပြီး စတင်ဖြန့်ချိသည့် မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ နံနက် (၁၀:၀၀)နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ်မြမြတို့က သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့်ရိုးရာယဉ်ကျေးမှု ကော်မတီများမှ တာဝန်ရှိသူများထံသို့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (ကချင်၊ မွန်၊ ရှမ်း) တိုင်းရင်းသားဘာသာစာအုပ်များကို ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့် သတင်းမီဒီယာများ စုစုပေါင်း ( ၄၀ ) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။