မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ ပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများ အတွက် အလုပ်ရုံသင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြမြ၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားပါသည်။

၂။      အဆိုပါအလုပ်ရုံသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများကို ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တစ်ဆင့် ပြန့်ပွားစေရန်၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း နှင့် မြန်မာနိုင်ငံက ပါဝင်အတည်ပြုလက်မှတ်ရေးထိုးထားသော လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (၃) ခုအား ရှင်းလင်းစွာ သိရှိနားလည် သဘောပေါက်စေရန်၊ လူ့အခွင့်အရေး သမိုင်းကြောင်း အကျဉ်းချုပ်နှင့် လူ့အခွင့်အရေး အယူအဆများ၊ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းနှင့် ပါရီအခြေခံမူများကို သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သော (၂) ရက်တာ သင်တန်းအစီအစဉ်ဖြစ်ပြီး သင်တန်း ကာလအတွင်း လူ့အခွင့်အ​ရေးဆိုင်ရာ သိကောင်းစရာများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြနှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့က ရှင်းလင်း ဆွေးနွေးပို့ချခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တပ်မတော်အရာရှိများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အရာရှိများ အပါအဝင် ဌာနအသီးသီးမှ အစိုးရ အရာထမ်း ၅၀ ဦးတက်ရောက်ခဲ့ကြပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများကို ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ် (၇) ခုတွင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းတွင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး (၇) ခု စုစုပေါင်း (၁၅) ကြိမ် အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် FORUM-ASIA မှ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

Asian Forum for Human Rights and Development (FORUM-ASIA) မှ ယခင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Professor Kyong Whan Ahn, လက်ရှိ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Mr. Nur Kholis, FORUM-ASIA အတွင်းရေးမှူးချုပ်ရုံးမှ Ms. Betty Yolanda နှင့် Mr. Joses Kuan တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ၁၃:၀၀နာရီ အချိန် တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောကော်မရှင်ကိုယ်စားလှယ်အဖွဲ့နှင့် လာရောက်တွေ့ဆုံ ခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ကပါရီအခြေခံမူများနှင့်အညီ ဥပဒေအရ ကော်မရှင်ကို ဖွဲ့စည်းထားမှု ၊ ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်မှု၊ လူ့အခွင့်အရေးကိစ္စရပ်များတွင် ကော်မရှင်နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု၊ ကော်မရှင်က တိုင်တန်းချက်များ ကိုင်တွယ်ဆောင်ရွက်မှု၊ အကျဉ်းထောင် များအား လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိ ကြည့်ရှုစစ်ဆေးမှု၊ ဥပဒေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်က အကြံပြုမှုများ၊ အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များတွင် မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုရန်အတွက် ကော်မရှင်က အကြံပြုသည့် ကိစ္စရပ်များ၊ ကော်မရှင်၏ Budget ကိစ္စရပ်များ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ကော်မရှင်၏ ဆောင်ရွက်ချက် များနှင့် အကြံပြုတိုက်တွန်းမှုများ၊ အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှု၊ လက်ပံတောင်း တောင် ပဋိပက္ခတွင် ဒေါ်ခင်ဝင်းသေဆုံးမှု၊ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ပေါ်ပေါက်ခဲ့ သည့် ဆန္ဒပြမှုများနှင့်ပတ်သက်၍ ကော်မရှင်၏ ကွင်းဆင်းစစ်ဆေးမှုများနှင့် အကြံပြုတိုက်တွန်းမှု များကို ရှင်းလင်းပြောကြားခဲ့ပြီး FORUM-ASIA ကိုယ်စားလှယ် အဖွဲ့၏ မေးမြန်းချက်များကို လည်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များအား တင်ပြ ဆွေးနွေးခြင်းအစီအစဉ်သို့တက်ရောက်ခြင်း

Save the Children နှင့် NGO Child Rights Working Group (NCRWG) တို့ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်သို့ တင်ပြဆွေးနွေးခြင်းအစီအစဉ်အား Novotel Hotel တွင် (၁၆.၁၁.၂၀၁၅) ရက် နေ့၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့်ရုံးဝန်ထမ်း (၂)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲကို (၀၉:၃၀) နာရီတွင် Novotel ဟိုတယ်၊ Bagan Hall ၌ ကျင်းပခဲ့ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး Save the Children မှ Ms. Susan Ward, Director of Programmes Implementation က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည် မှNGO Child Rights Working Group (NCRWG)ကိုယ်စားလှယ်များ၊ Child Rights Governance, Save the Children မှကိုယ်စားလှယ်များ၊ ကျောက်ပန်းတောင်းမြို့နယ်ရှိအရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သော 3Star မှကိုယ်စားလှယ်များ စုစုပေါင်း (၂၈)ဦးတက်​ရောက်ခဲ့ကြပါသည်။

ဆွေးနွေးခြင်းတွင် Child Rights Governance မှ ဦးရဲဇော်အောင်က Child Rights Monitoring နှင့် Child Led Participatory Action research ကိုရှင်းလင်းရာတွင် Child Rights Monitoring နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအတွင်းရှိ ဝေးလံဒေသ (၁၀)မြို့နယ်တွင် ကလေးသူငယ်များ ၏မွေးစာရင်းပြုလုပ်ခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်း၊ မြို့နယ်များရှိ ကလေးသူငယ် ကော်မတီ အကြောင်း၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် နှင့် အတားအဆီး များအကြောင်းတို့ကို မေးခွန်းများဖြင့် စစ်တမ်းများကောက်ယူခဲ့ပြီးတွေ့ရှိချက်များကို တင်ပြခဲ့ပါသည်။ ၄င်းနောက် Child Rights Governance မှ ဒေါ်နီနီလှက UN CRC Committee Concluding Observation ကိုတင်ပြပြီး Save the Children မှ Development, Quality and Advocacy Director Ms. Katy Webley က Child Rights နှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင် မည်သို့မည်ပုံပူးပေါင်းဆောင်ရွက်သွားနိုင်မည်ကို မေးမြန်းဆွေးနွေးခဲ့ပါ သည်။

ဆွေးနွေးပွဲတွင် ဒုတိယဥက္ကဋ္ဌက        ကလေးသူငယ်အခွင့်အရေးအပါအဝင် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ပတ်သက်၍ ကော်မရှင် မှ လုပ်ကိုင်ဆောင်ရွက်မှုများ၊အမျိုးသားအဆင့် ကလေး သူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီ၏ ကလေးသူငယ် ဥပဒေပြင်ဆင်ရေးဆောင်ရွက်မှုနှင့် လက်တွေ့ ကျကျ ဆောင်ရွက် နိုင်ရန် အရေးကြီးပုံ နှင့်ကော်မရှင်အနေဖြင့် ကလေးသူငယ်အခွင့်အရေးအပါအဝင် အခြားသော လူ့အခွင့်အရေးများနှင့်ပတ်သက်၍လည်း လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဝန်ထမ်းများ သီးခြားတာဝန်ပေး ဆောင်ရွက်ရန်ရှိကြောင်း ဆွေးနွေးပြောကြားပြီး       ဆွေးနွေးပွဲတွင် ကော်မရှင် အဖွဲ့ဝင်ဦးယုလွင်အောင်က           လူ့အခွင့်အရေးအသိပညာမြှင့်တင်ရာတွင် ပညာပေးဗီဒီယို ဇာတ်လမ်း ပြသခြင်းမှာ  အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းပါ ကျေးကျွန်ပြုမှု၊ နှိပ်စက်ညှဉ်းပန်းမှု တို့နှင့်ဆိုင်သည့်အပိုဒ်များကို ကလေးသူငယ် အခွင့် အရေးနှင့် ဆက်စပ်၍ ရိုက်ကူးပြသနိုင်ပါကများစွာအကျိုးရှိမည်ဖြစ်၍ နည်းပညာအကူအညီနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း၊(ခ)    နယ်စပ်ဒေသရှိ ကလေးသူငယ်များ၏ အခြေအနေကို စစ်တမ်းများ ပြုလုပ်လေ့လာ ဆန်းစစ်ခြင်းမှာ အမှန်တကယ်လိုအပ်သကဲ့သို့ ရန်ကုန် ကဲ့သို့ မြို့ကြီးရှိ ကလေးများ၌ပင် အချို့သော ကလေးလုပ်သားများ၏ အခြေအနေမှာ အလွန် ဆိုးဝါးကြောင်း တွေ့ရှိရသဖြင့် မြို့ကြီးများတွင်လည်း လေ့လာဆန်း စစ်မှုများပြုလုပ်သင့်ကြောင်း၊ NCRWG အပါအဝင် CSO များ၏ အတွေ့အကြုံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။

Save the Children မှ Development, Quality and Advocacy Director Ms. Katy Webley ကလည်း ကလေးသူငယ်အခွင့်အရေးနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာDesk Officer တစ်ယောက်ထားရှိပေးစေလိုကြောင်းနှင့် ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အရှေ့တောင် အာရှဒေသအတွင်း ဘာသာရေးနှင့်ကိုးကွယ် ယုံကြည်မှုများ လွတ်လပ်ခွင့်ဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တက်ရောက်ခြင်း

၁။      ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော အရှေ့တောင်အာရှဒေသအတွင်း ဘာသာရေးနှင့်ကိုးကွယ် ယုံကြည်မှုများ လွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ (ညီလာခံ) သို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်ဒေါ်မြမြတက်ရောက်ခဲ့သည်။

၂။      ဆွေးနွေးပွဲသည် အရှေ့တောင်အာရှ ဒေသအတွင်း ဘာသာရေးဆိုင်ရာ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်များနှင့် အခွင့်အရေးများ ပိုမိုရရှိ မြှင့်တင်ရေး အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲကို နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurist – ICJ)၊ အာရှဒေသ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲ (Asian forum for Human Rights and Development – FORUM – ASIA) နှင့် လှေစီးဒုက္ခသည်များ SOS (BPSOS) အဖွဲ့ အစည်းတို့ ပူးတွဲလျက် ကျင်းပခဲ့ခြင်းဖြစ်သည်။

၃။      ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ တက်ရောက်သည့် စုစုပေါင်း ကိုယ်စားလှယ် (၇) ဦး အပါအဝင် လူ့အခွင့်အရေး ခုခံကာကွယ်သူများ၊ ဘာသာရေးအသင်းအဖွဲ့ အသီးသီးမှ အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး တောင်းခံသူအုပ်စုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ အာဆီယံအစိုးရ အချင်းချင်း လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် (AICHR)၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးများ ကာကွယ်ခြင်း နှင့် အားပေးထောက်ကူခြင်းဆိုင်ရာ အာဆီယံကော်မရှင်၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ (NHRIs) အပါအဝင် အခြားအစိုးရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၇၀) ဦး တက်ရောက်သည်။

၄။      ဘာသာရေးနှင့်ကိုးကွယ်ယုံကြည်မှုများ လွတ်လပ်ခွင့်ဆိုင်ရာ နယ်ပယ်တွင် အထူး ကျွမ်းကျင်သူ ကုလသမဂ္ဂပညာရှင် Mr. Heiner Bielefeldf နှင့်အတူ ကိုယ်စားလှယ်များ သည် အရှေ့တောင် အာရှ ဒေသအတွင်း ဘာသာရေးဆိုင်ရာ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ရရှိမှုများနှင့် အခွင့်အရေးများ အကြောင်းကို အတူတကွ စုပေါင်းပါဝင် ဆွေးနွေးခဲ့ကြသည်။

၅။      ကုလသမဂ္ဂမှ ကျွမ်းကျင်သူပညာရှင်က ဘာသာရေးလွတ်လပ်ခွင့်နှင့် လူမျိုး၊ ဘာသာ လူနည်းစုဝင်တို့၏ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်နစ်နာစေနိုင်သော အကြောင်းရပ်များ၊ နိုင်ငံရေး အာဏာလှည့်ကွက်အတွင်း မိမိတို့၏ ယုံကြည်မှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုမှုကို ဘာသာအများစု၏ ဘာသာဝင်များက နှစ်ခြိုက်မှုမရှိသည့် နိုင်ငံရေးသဘော သက်ဝင်သော ဘာသာရေးလွတ်လပ်ခွင့်ကို လျော့ပါးစေနိုင်သည့် အကြောင်းရပ်များကို ဖော်ပြ ရှင်းလင်းဆွေးနွေးသည်။

၆။      ဆွေးနွေးပွဲ နှစ်ရက်တာ ကာလအတွင်း ပါဝင်တက်ရောက်ကြသည့် အဖွဲ့အစည်း ကိုယ်စားလှယ်များသည် မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသဆိုင်ရာ အတွေ့အကြုံများနှင့် ခံစားမှုများ ကို တင်ပြဆွေးနွေး ဖလှယ်ခဲ့ကြသည်။ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသအတွင်း ဘာသာရေးဆိုင်ရာ စိန်ခေါ်မှု အမျိုးမျိုးနှင့် လက်တွေ့လုပ်ဆောင်နေကြသည့် ကောင်းမွန်သော အလေ့အထများ၊ အစိုးရ၏ ချုပ်ကိုင်မှုများ၊ ယင်းတို့ကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် စဉ်းစားတွေးခေါ်မှု အကြံ ဉာဏ်များနှင့် ဘာသာရေးဆိုင်ရာ ဓမ္မသတ်စည်းမျဉ်းများ၊ ဘာသာရေး အယူသည်းမှုများကို အဓိကထား၍ ဆွေးနွေးခဲ့ကြပါသည်။

၇။      ထို့အပြင် ပြောင်းလဲရန်လိုအပ်နေသည့် ဘာသာတရားနှင့် ကိုးကွယ်မှုဆိုင်ရာများကို ပြစ်မှားစော်ကားသည့် ဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်အရ မဖြစ်မနေဆောင်ရွက်ရသည့် ဘာသာရေးဆိုင်ရာ မှတ်ပုံတင်ရခြင်းများကို ဖြေလျော့ရုပ်သိမ်းရန်အကြောင်းများနှင့် ဘာသာအယူဝါဒ တူညီကြသူများ အချင်းချင်းအကြား၊ ဘာသာအယူဝါဒ မတူညီကြသူ အုပ်စုများ အချင်းချင်းအကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းသည် အရေးကြီးသော လုပ်ငန်း ဖြစ်ကြောင်းတို့ကိုလည်း တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြသည်။

၈။      ဘာသာတရား သို့မဟုတ် ကိုးကွယ်ယုံကြည်မှုများဆိုင်ရာ လွတ်လပ်ခွင့် ပဋိညာဉ် စာတမ်းနှင့် ဘာသာတရား၊ ကိုးကွယ်ယုံကြည်မှုများ လွတ်လပ်ခွင့်အတွက် ဘာသာတရား သို့မဟုတ် ကိုးကွယ်ယုံကြည်မှုများဆိုင်ရာ လွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာဥပဒေပြု ပါလီမန်အဖွဲ့၏ နယူးယောက်ဆုံးဖြတ်ချက် (IPPFORB) အပေါ် အခြေခံ၍ ယခုနှစ် ဆွေးနွေးပွဲ၏ ကြေညာချက်ကို ရေးဆွဲထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ အဖွဲ့နိုင်ငံအားလုံးအတွက် အလှည့်ကျ ပုံမှန် သုံးသပ်စစ်ဆေးခြင်းဆိုင်ရာ အစီရင်ခံစာ (UPR) နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

ရန်ကုန် နိုဝင်ဘာ ၃

ကုလသမဂ္ဂ အဖွဲ့နိုင်ငံအားလုံးအတွက် အလှည့်ကျ ပုံမှန် သုံးသပ်စစ်ဆေးခြင်းဆိုင်ရာ အစီရင်ခံစာ (UPR) နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို The Lutheran World Federation ၏အစီအစဉ်ဖြင့် ရန်ကုန်မြို့ Summit Park View Hotel ၌ ယနေ့နံနက် ၉ နာရီအချိန်မှ နေ့လည် ၁၂ နာရီအထိ ကျင်းပရာ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် Mr David H. Mueller က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်ဆွေက UPR တွင် ကော်မရှင်၏ ပါဝင်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် The Lutheran World Federation ၏ အစီရင်ခံစာပါ အချက်အလက်များကို စုပေါင်းဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

သတင်းမီဒီယာကောင်စီသို့ ဝမ်းမြောက် ဂုဏ်ယူကြောင်း အကြောင်းကြားခြင်း

၁။      သတင်းမီဒီယာကောင်စီဝင် ၂၄ ဦးအနက်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ ရွေးချယ်တင်မြှောက်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးဖေမြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူးအဖြစ် ဦးသီဟစော၊ အတွင်းရေးမှူး (၁) အဖြစ် ဒေါ်သင်းသင်းသာ၊ အတွင်းရေးမှူး (၂) အဖြစ် ဦးကျော်စွာမင်း၊ စာရင်းစစ်အဖြစ် ဒေါက်တာ မောင်မောင်စံနှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးမင်းဟန်တို့ကို သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။      သတင်းမီဒီယာကောင်စီ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် စတုတ္ထမဏ္ဍိုင် ပိုမိုအားကောင်းခိုင်မာ လာမည်ဟု ယုံကြည်မျှော်လင့်သည့်အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်မြှင့်တင်မှု၊ ကာကွယ်စောင့်ရှောက်မှုတို့တွင် အဓိက အားထားရသော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ပါသဖြင့် ယခုကဲ့သို့ အောင်မြင်စွာ ရွေးချယ်တင်မြှောက်ခဲ့ခြင်းကိုလည်းကောင်း၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ အပါအဝင် မီဒီယာကဏ္ဍအတွက် အရေးပါသော ပုဂ္ဂိုလ်များအဖြစ် ရွေးချယ် ခြင်းခံခဲ့ကြရသော ပုဂ္ဂိုလ်များ အားလုံးကိုလည်းကောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ ပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများ အတွက် အလုပ်ရုံသင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အလုပ်ရုံသင်တန်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားပါသည်။

၂။      အဆိုပါအလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းအစီအစဉ်ဖြစ်ပြီး သင်တန်း ကာလအတွင်း လူ့အခွင့်အ​ရေးဆိုင်ရာ သိကောင်းစရာများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကော်မရှင်အဖွဲ့ဝင်ဦးညွန့်ဆွေနှင့် ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ရှင်းလင်း ဆွေးနွေးပို့ချခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံသင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့ ၁၆:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ကော်မရှင်အဖွဲ့ဝင်များက သင်တန်းတက်ရောက်ခဲ့ကြသူများကို သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကော်မရှင်ဥက္ကဋ္ဌ တို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများကို ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ် (၇) ခုတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်အတွင်းတွင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး (၆) ခုတွင် ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါသည်။

အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများ

၂၀၁၄ ခုနှစ်

၁။      မွန်ပြည်နယ်                                ၂၈-၇-၂၀၁၄ ရက်နေ့မှ ၃၀-၇-၂၀၁၄ ရက်နေ့အထိ

၂။      ကယားပြည်နယ်                          ၁၈-၈-၂၀၁၄ ရက်နေ့မှ ၂၀-၈-၂၀၁၄ ရက်နေ့အထိ

၃။      ရှမ်းပြည်နယ်                               ၂၀-၁၀-၂၀၁၄ ရက်နေ့မှ ၂၂-၁၀-၂၀၁၄ ရက်နေ့အထိ

၄။      ချင်းပြည်နယ်                              ၁၁-၁၁-၂၀၁၄ ရက်နေ့မှ ၁၃-၁၁-၂၀၁၄ ရက်နေ့အထိ

၅။      ကရင်ပြည်နယ်                            ၂၅-၁၁-၂၀၁၄ ရက်နေ့မှ ၁၇-၁၁-၂၀၁၄ ရက်နေ့အထိ

၆။      ရခိုင်ပြည်နယ်                              ၁၇-၁၂-၂၀၁၄ ရက်နေ့မှ ၁၉-၁၂-၂၀၁၄ ရက်နေ့အထိ

၇။      ကချင်ပြည်နယ်                            ၂၉-၁၂-၂၀၁၄ ရက်နေ့မှ ၃၁-၁၂-၂၀၁၄ ရက်နေ့အထိ

၂၀၁၅ ခုနှစ်

၁။      ဧရာဝတီတိုင်းဒေသကြီး                 ၂၇-၅-၂၀၁၅ ရက်နေ့မှ ၂၈-၅-၂၀၁၅ ရက်နေ့ အထိ

၂။      မန္တလေးတိုင်းဒေသကြီး                  ၉-၆-၂၀၁၅ ရက်နေ့မှ ၁၀-၆-၂၀၁၅ ရက်နေ့အထိ

၃။      မကွေးတိုင်းဒေသကြီး                    ၂၂-၇-၂၀၁၅ ရက်နေ့မှ ၂၃-၇-၂၀၁၅ ရက်နေ့အထိ

၄။      နေပြည်တော်ကောင်စီနယ်မြေ        ၁၁-၈-၂၀၁၅ ရက်နေ့မှ ၁၂-၈-၂၀၁၅ ရက်နေ့အထိ

၅။      ရန်ကုန်တိုင်း​ဒေသကြီး                  ၁-၉-၂၀၁၅ ရက်နေ့မှ ၂-၉-၂၀၁၅ ရက်နေ့အထိ

၆။      ပဲခူးတိုင်းဒေသကြီး                       ၂၂-၉-၂၀၁၅ ရက်နေ့မှ ၂၃-၉-၂၀၁၅ ရက်နေ့အထိ

၇။      တနင်္သာရီတိုင်းဒေသကြီး               ၂၉-၁၀-၂၀၁၅ ရက်နေ့မှ ၃၀-၁၀-၂၀၁၅ ရက်နေ့အထိ