ရပ်ရွာ အခြေပြု လူ့အခွင့်အရေး မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ ဗဟုသုတများ တိုးမြှင့်နိုင်စေရေး အတွက် ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ်အတွင်း ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institue ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ​နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။

၂။      ဆက်လက်၍ ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ၁၃ ခုမြောက်အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မင်္ဂလာဥယျာဉ်ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်မြို့ရှိ အရပ်ဘက် လူမှုအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ၁၄ ခုမြောက် ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် သာယာဝတီမြို့ ကျောက်ပြားနှင့် ပန်းကန်စက်ရုံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ် အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ဦး တက်ရောက် ခဲ့ကြပါသည်။

၃။      ယင်းဆွေးနွေးပွဲများတွင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့က အသီးသီး ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲ တက်ရောက်သူများက စိတ်ပါ ဝင်စားစွာ ပြန်လည် ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ အုပ်စုဖွဲ့၍ ဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ ကြပါသည်။ ကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၄ ခုတွင် ရပ်ရွာ အခြေပြုအလုပ်ရုံ ဆွေးနွေးပွဲများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌမှ ထိုင်းလူ့အခွင့်အရေးကော်မရှင်သို့ သေဒဏ် ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် ပတ်သက်သည့် မေတ္တာရပ်ခံစာအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ပေးပို့

သို့

ဥက္ကဋ္ဌ

ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ဗန်ကောက်မြို့

ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၂၈ရက်

ခင်ဗျား၊

၁။      ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားများဖြစ်သည့် Mr.David Miller နှင့် Ms. Hannah Witheridge တို့ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦး ဖြစ်သည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို လူသတ်မှုနှင့် ပြစ်မှု (၇) ခုတို့ဖြင့် ထိုင်းနိုင်ငံ၊ ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၂၄ ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ကြောင်း သိရှိ ရပါသည်။

၂။      မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့၏ အမှုကိစ္စနှင့် ပတ်သက်၍ သက်သေ အထောက် အထားများ ပြည့်စုံခိုင်မာမှုမရှိကြောင်း၊ မှုခင်းဆေးသိပ္ပံပညာအရစစ်ဆေးရာတွင် အခိုင်အမာမပြနိုင်ကြောင်း၊ မျက်မြင်သက်သေလည်း မရှိကြောင်း၊ ရဲကစစ်ဆေးရာတွင် ညှဉ်းပန်းနှိပ်စက်မှုရှိကြောင်း စသည့်သတင်းများရှိခဲ့ပါသည်။

၃။      ယင်းကဲ့သို့သောအခြေအနေတွင် ကော့စမွီတရားရုံးက မောင်ဇော်လင်းနှင့်မောင်ဝင်းဇော်ထွန်း တို့အား သေဒဏ် ချမှတ်လိုက်ခြင်းအပေါ် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့နှင့် အခြားမြို့များတွင် ပြည်သူများက ဆန္ဒပြလျက်ရှိကြပြီး ထိုင်းတရားရုံးက တရားမျှတစွာဆုံးဖြတ်၍ ၎င်းတို့နှစ်ဦးအားလွှတ်ပေး ရေးအတွက် တောင်းဆိုလျက်ရှိကြပါသည်။ နိုင်ငံရေး ပါတီအချို့နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များကလည်း ၎င်းတို့နှစ်ဦးလွတ်မြောက်ရေးနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်လျက်ရှိပါသည်။ မြန်မာနိုင်ငံအစိုးရပိုင်းက ထိုင်းနိုင်ငံ အစိုးရပိုင်းသို့ ယင်းကိစ္စနှင့်စပ်လျဉ်း၍ တရားမျှတစွာ ဆုံးဖြတ်ရေးအတွက် မေတ္တာရပ်ခံ ခဲ့ကြောင်းကိုလည်းသိရှိရပါသည်။

၄။      ဤအမှုနှင့် ပတ်သက်၍အယူခံတင်သွင်းမည်ဟုသိရှိရသဖြင့် ယင်းသို့အယူခံဝင်သည့်အခါ အယူခံဝင်သည့် ကာလအတွင်း၎င်းတို့နှစ်ဦးအတွက်ရသင့်ရထိုက်သည့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိရေး၊ ထိုင်းတရားရုံးက တရားမျှတစွာ အဆုံးအဖြတ်ပေးရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု ကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရရှိရေးနှင့် ၎င်းတို့၏ အသက် ရှင်သန်ပိုင်ခွင့် (right to life) ရရှိခံစားနိုင်ရေးတို့အတွက် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်

       ( ဝင်းမြ )

ဥက္ကဋ္ဌ

Justice Trust ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ National Network for Education Reform နှင့် Letpadan Justice Committee တို့မှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များတွေ့ဆုံခြင်း

          Justice Trust မှ အမှုဆောင်ဒါရိုက်တာ Mr.Rorger Normand၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကိုအောင်နေပိုင်၊ Letpadan Justice Committee မှ ဦးထွန်းဦး၊ ဒေါ်ခင်ခင်ယုနှင့် National Network for Education Reform မှ ​ဒေါက်တာကျော်သူတို့သည် ၂၃-၁၂-၂၀၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့လာရောက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါက်တာဒေါ်သန်းနွဲ့၊ ဒေါ်မြမြတို့နှင့်တွေ့ဆုံပြီး သာယာဝတီ အကျဉ်းထောင်တွင် (၉) လတာ ထိန်းသိမ်း ခံထားရသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်တောင်းဆို ဆန္ဒပြခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်းရံပြည် သူများကို ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ ဗဟုသုတများ တိုးမြှင့်နိုင်စေရေး အတွက် ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ များကို ၂၀၁၅ ခုနှစ်အတွင်း ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institue ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီးတွင် ၄ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ မြို့နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေ အတွင်းတွင် ၂ မြို့နယ် စုစုပေါင်း မြို့နယ် ၈ မြို့နယ်တွင် ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါသည်။

၂။      ဆက်လက်၍ ၉ ခုမြောက် ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ အနေဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြောင်းမြမြို့ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ စိတ်ပါဝင်စားသူ ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ၁၀ ခုမြောက် ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟင်္သာတမြို့နယ် အတွင်းမှ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ စိတ်ပါဝင်စားသူ ၅၀ ဦး တက်ရောက် ခဲ့ကြပါသည်။

၃။      ယင်းဆွေးနွေးပွဲများတွင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်လွင်ထူးနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့က အသီးသီး ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲ တက်ရောက်သူများက စိတ်ပါဝင်စားစွာ ပြန်လည်ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ အုပ်စုဖွဲ့၍ ဆွေးနွေးတင်ပြခြင်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ ကြပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန် ပိုမိုမြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်မည့် “လူ့အခွင့်အရေးနေ့”ကို ကြိုဆိုသောအားဖြင့် လူ့အခွင့်အရေးနေ့ အခမ်းအနားတစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Panda Hotel ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသော ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ ကိုယ်စား Officer of the High Commissioner for Human Rights (OHCHR) မှ Senior Human Rights Officer Mr. Andrew MacGrergo နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုယ်စား Equality Myanmar မှ Executive Director ဦးအောင်မျိုးမင်းတို့က လူ့အခွင့်အရေးနှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားခဲ့ ကြသည်။

၂။      ထို့နောက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် “အားလုံးအတွက်လူ့အခွင့်အရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့်အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲမှ ဆုရရှိသည့် ကျောင်းသူ/ကျောင်းသားများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဆုရရှိသည့် ကျောင်းသူနှစ်ဦးက အားလုံးအတွက်လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ILBC မှ ကျောင်းသူတစ်ဦးက ကလေးသူငယ်နှင့် လူ့အခွင့်အရေးခေါင်းစဉ်ကို အင်္ဂလိပ် ဘာသာဖြင့် လည်းကောင်းအသီးသီးတင်ပြခဲ့ကြပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၆ နှင့် ပတ်သက်သည့် ရုပ်သံဇာတ်လမ်းတိုအား ပြသ၍ အခမ်းအနားပြီးဆုံးခဲ့သည်။

၃။      အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်၊တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ NGO များနှင့် CSO များ၊ Media များ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၉၈) ဦး တက်ရောက်ခဲ့သည်။

၄။      အခမ်းအနားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်များသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၏ လှုပ်ရှားမှုဓါတ်ပုံပြခန်းနှင့် အခမ်းအနား တက်ရောက်လာသူများ ရေးသားထားကြသော လူ့အခွင့်အရေးပေါ်ထားရှိသည့် ကိုယ်ပိုင်အမြင်များအား လှည့်လည် ကြည့်ရှုလေ့လာခဲ့ ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်/ ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်/ ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ နေ့လယ် ၁ နာရီ အချိန်တွင် ကော်မရှင် ရုံးခန်းမတွင်ပြုလုပ်သည်။

၂။      အဆိုပါ သတင်းစာရှင်လင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ သတင်း မီဒီယာ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက နှုတ်ခွန်းဆက် အမှာ စကား ပြောကြားပါသည်။ ယင်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ကော်မရှင်၏ လူ့အခွင့်အရေး အသိ ပညာမြှင့်တင်ရေး လုပ်ဆောင်ချက်များကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက လူ့အခွင့်အရေး ကာကွယ်ရေး လုပ်ဆောင်ချက်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ သတင်းစာ ရှင်းလင်းပွဲကို ညနေ ၃နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။