အရှေ့တောင်-အာရှ ဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ လုပ်ငန်းအဖွဲ့ အစည်းအဝေး (တီဒဗလျူဂျီ ၁/၂၀၁၆)

အရှေ့တောင်-အာရှ ဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ လက်ခံကျင်းပခဲ့ပါသည်။ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တီမောလက်စ်တေ အနေဖြင့်မူ ဤအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါ။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသည် မလေးရှားနိုင်ငံ၊ ပူတရာဂျာရာတွင် ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် အရှေ့တောင်-အာရှ ဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်နှစ်ပတ်လည် အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲ ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ လူ့အခွင့်အရေး ဆိုင်ရာ အခြားကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးရန် ကျင်းပရခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာခဲ့ကြသူများက စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြ ပြီးနောက် အစည်းအဝေးကို ခေတ္တရပ်နား ခဲ့ပါသည်။

အစည်းအဝေးပြန်လည်စတင်သည့်အခါ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (Komnas HAM) မှ SEANF အမြဲတမ်း အတွင်းဝန်ရုံးနှင့် စပ်လျဉ်းသည့် နောက်ဆုံးအခြေအနေများနှင့် SEANF ၏ (၂၀၁၇ – ၂၀၂၂)မဟာဗျူဟာ စီမံကိန်းမူကြမ်း ရေးဆွဲခြင်းနှင့် ပတ်သက်သည့် ကနဦးရေးဆွဲမှုများကို တင်ပြခဲ့ပါသည်။ တင်ပြချက်များ အပေါ် အစည်းအဝေး တက်ရောက်လာကြ သည့် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များမှ ဖြည့်စွက် ဆွေးနွေးမှုများ ပြုခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်စာသုံးဆောင်ရန် ခေတ္တ ရပ်နားခဲ့ပါသည်။

နေ့လယ်ပိုင်း အစည်းအဝေး ပြန်လည်စတင်သည့်အခါ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင် အထည်ဖော်မှုတွင် SEANF အခန်းကဏ္ဍ နှင့် သက်ရွယ်ကြီးသူများ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကိုယ်စားလှယ်များက ဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီတွင် ရပ်နားခဲ့ပါသည်။

ကိုယ်စားလှယ်များသည် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူး မြော်ခဲ့ကြပြီး ကန်တော်ကြီး ကရဝိတ်ဟိုတယ်၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ က တည်ခင်းဧည့်ခံသော ညစာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။

အရှေ့တောင်-အာရှ ဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

တာချီလိတ်မြို့၊ ကျိုင်းတုံမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြနှင့် ရုံးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းတို့ ပါဝင်သော အဖွဲ့သည် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားများ ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ် များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၂၅၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ ကြပါသည်။ အလားတူ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် ကျိုင်းတုံမြို့၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၅၅၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနား များတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ​ဒေါ်မြမြက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ ကြပြီး တက်ရောက်လာကြသူများ၏ ကော်မရှင် ဥပဒေနှင့်စပ်လျဉ်း ၍ သိလိုသည်များကို လည်းကောင်း၊ ကော်မရှင်အကြောင်း၊ တိုင်တန်းချက်များနှင့် အခြားသိရှိလိုသည့် မေးမြန်းချက်များအပေါ် ကော်မရှင်အဖွဲ့က ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။