ရန်ကုန်တိုင်းဒေသကြီး၊ မြောင်းတကာစက်မှုဇုန်၊ ရာရှင်းသံမဏိ၊ သံရည်ကျိုစက်ရုံမှ အလုပ်သမားများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ကွင်းဆင်းစုံစမ်းစစ်ဆေးမှု သတင်း

၁။      ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်အတွင်းရှိ စက်ရုံ အမှတ် (၂၁၀)၊ ရာရှင်းသံမဏိ၊ သံရည်ကျိုစက်ရုံတွင် အလုပ်သမားများအား နံနက်စာ ကျွေးမည်ဟု ဆိုသော်လည်းမကျွေးကြောင်း၊ တစ်နေ့ ၈ နာရီအလုပ်ချိန်အစား နံနက် ၇ နာရီမှ ၄ နာရီအထိ တစ်ဆက်တည်း ၉ နာရီကြာ လုပ်ကိုင်ရကြောင်း၊ အချိန်ပို လုပ်အားခကို လစာတွင် ထည့်သွင်း ပေးခြင်းမရှိကြောင်း၊ ယခင်ကအလုပ်သမား ၁၆ ဦးဖြင့် ၉ နာရီကြာ လုပ်ခဲ့ရသောအလုပ်တစ်ခုကို ယခုအလုပ်သမား ၈ ဦးဖြင့် အတင်းအကြပ်ခိုင်းစေခြင်းခံနေရကြောင်းစသည်တို့ကို မှော်ဘီ မြို့နယ်သံမဏိ၊ သံရည်ကျို၊ ခဲ၊ သတ္တုလုပ်ငန်းဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းလာသည့် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော် နှင့် ဒေါ်မြမြတို့သည် ကော်မရှင် ရုံးဝန်ထမ်းများလိုက်ပါလျက် ၁၆-၂-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

၂။      စစ်ဆေးတွေ့ရှိချက်များအရ တိုင်တန်းချက်များမှာ မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုတိုက်တွန်းချက်များကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာစက်ရုံသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့၊ ဖရူဆိုမြို့နှင့် ဒီးမော့ဆိုမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး တို့မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပညာဗိမာန်ခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူ လူထုများ စုစုပေါင်းအင်အား (၃၁၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ ဖရူဆိုမြို့တွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဒီးမော့ဆိုမြို့တွင် လည်းကောင်း ကျင်းပခဲ့ရာ ဖရူဆိုမြို့တွင် စုစုပေါင်းအင်အား (၃၅၀) ဦးနှင့် ဒီးမော့ဆိုမြို့တွင် စုစုပေါင်းအင်အား (၂၀၀) ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရကို လည်း ကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြား ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်တွင် လူ့အခွင့်အရေး သင်ခန်းစာများ ပို့ချဆွေးနွေးခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ တက်ရောက်လျက်ရှိသော ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်သင်တန်း အမှတ်စဉ် (၆၃) တွင် လူ့အခွင့်အရေး ဆိုင်ရာ သင်ခန်းစာများကို ပို့ချ ရှင်းလင်းဆွေး​ခဲ့ရာ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား (၂၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်ခန်းစာပို့ချမှုတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် တို့က လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချခဲ့ပြီး တက်ရောက်သူ တပ်မတော်အရာရှိကြီးများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြပါသည်။

            မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းများတွင် အဆင့်မြင့် တပ်မတော် အရာရှိကြီး များကို လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချလျက်ရှိပြီး ၂၀၁၆ ခုနှစ်မှစ၍ ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်သင်တန်း၊ ဗထူးတပ်မြို့နှင့် ဘုရင့်နောင်တပ်မြို့တို့တွင် ဖွင့်လှစ် ထားသည့် ခြေလျင် တပ်ရင်းမှူးသင်တန်းနှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းများတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချဆွေးနွေးသွားမည်ဟု သတင်းရရှိပါသည်။