ကြော်ငြာများထည့်သွင်းနိုင်ရန်ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးအသိပညာပြန့်ပွား ရေးနှင့် ကော်မရှင်၏လှုပ်ရှား ဆောင်ရွက်မှုများအား ပြည်သူလူထုအတွင်း ပိုမိုသိရှိလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးမဂ္ဂဇင်းကို ၂၀၁၆ခုနှစ်၊ မေလမှ စတင်၍ လေးလတစ်ကြိမ် ထုတ်ဝေ ဖြန့်ချီရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ မဂ္ဂဇင်းတွင် လူကြီးမင်းတို့၏ ကုမ္ပဏီလုပ်ငန်းများ၊ ထုတ်ကုန်ပစ္စည်းများနှင့် အထွေထွေကြော်ငြာများ ထည့်သွင်းနိုင်ပါ ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ကြော်ငြာခနှုန်းထား များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ကြော်ငြာစာမျက်နှာ အရွယ်အစား သင့်ငွေ မှတ်ချက်
ရှေ့ဖုံးအတွင်းစာမျက်နှာ ၇.၂၅ x ၉.၂၅ လက်မ ၁၃၀၀၀ဝိ/- 4 Colors
နောက်ဖုံးအတွင်းစာမျက်နှာ ၁၂၀၀၀ဝိ/-
နောက်ဖုံးအပြင်စာမျက်နှာ ၁၅၀၀၀ဝိ/-
အတွင်းစာမျက်နှာ (Art Paper)    ၉၀၀၀ဝိ/-
အတွင်းစာမျက်နှာ(Wood free)    ၇၀၀၀ဝိ/-

 

  • ကြော်ငြာထည့်သွင်းလိုပါက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး ဖုန်း ၉၅-၁-၆၅၄၆၈၁၊ Fax : ၉၅-၁-၆၅၄၆၇၃ တို့သို့ ဆက်သွယ်နိုင်ပါသည်။

မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ

လှိုင်သာယာမြို့နယ်တွင် ရာအိမ်မှူး (၂) ဦး အပါအဝင် (၄) ဦးတို့က မတရားခြိမ်းခြောက် ငွေတောင်း ခံသည်ဟုဆိုကာ အမှုဖွင့်စဉ် ရဲတပ်ဖွဲ့ဝင်များမှ နှိပ်စက်ဝန်ခံခိုင်းခြင်းကိစ္စ

၁။      ၂၇-၁-၂၀၁၆ နေ့စဉ်ထုတ် Daily Eleven ဂျာနယ်တွင် လှိုင်သာယာမြို့နယ် (၅) ရပ်ကွက်ရှိ   ရာအိမ်မှူးနှစ်ဦးအပါအဝင် လေးဦးက မတရားခြိမ်းခြောက် ငွေတောင်းခံသည်ဟုဆိုကာ ရပ်ကွက် နေ ပြည်သူများက လှိုင်သာယာမြို့မရဲစခန်းတွင် တိုင်တန်း အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးချက်များကို ရာအိမ်မှူးများ၏ မိသားစုဝင်များက ၂၆-၁-၂၀၁၆ နေ့တွင် ကျောက်တံတားမြို့နယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုရှင်းလင်းပွဲတွင်   ရာအိမ်မှူး ဦးစန်းလွင်၏ သားဖြစ်သူ ဦးမျိုးမြင့်နိုင်က ၎င်းတို့၏ဖခင် ရာအိမ်မှူးကို လူမိုက်များ က ခြိမ်းခြောက်ခေါ်ဆောင်၍သာ လိုက်ပါခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရာအိမ်မှူးများကို ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံခိုင်းသည့်အပြင် ဦးစန်းလွင်နှင့် ဦးဝင်းနိုင်တို့၏ပေါင်ကို ဓားဖြင့်ထိုး ကြောင်း၊ မျက်နှာတွင်လည်း ဖူးရောင်နေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂။      ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းမေးမြန်းခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ (၂၄-၁-၂၀၁၆) ရက်နေ့ ၁၄:၀၀ အချိန်ခန့်တွင် အထက်ပါအမှုနှင့် ပတ်သက်၍ လူမိုက် ကျော်ဝင်းစိန်နှင့် ငှက်ပျောသီး (ခ) နိုင်မင်းသူ တို့အား ဖမ်းဆီးရမိပြီး စစ်ဆေး ခဲ့ကြောင်း၊ ငှက်ပျောသီး (ခ) နိုင်မင်းသူက ၎င်းနှင့်အတူ မိုက်ကြေးခွဲ ​ငွေတောင်းခံရာတွင် ရာအိမ်မှူး ဦးစန်းလွင်၊ ရာအိမ်မှူး ဦးဝင်းနိုင် (ခ) ဗလကြီး နှင့် ဆယ်အိမ်မှူး ဦးကျော်ဦးတို့ ၃ ဦး ပါဝင်သည်ဟု ထွက်ဆိုခဲ့ကြောင်း၊ ဒုရဲအုပ်ကျော်ခိုင်သက်၊ ရဲတပ်ကြပ် စိန်မြ၊ ရဲတပ်ကြပ် ကျော်လွင်တို့က ဦးစန်းလွင်၊ ဦးဝင်းနိုင် (ခ) ဗလကြီး နှင့် ဦးကျော်ဦးတို့အား ရဲစခန်းသို့ ခေါ်ဆောင်၍ အမှုစစ်အခန်းတွင် စစ်ဆေးရာ ငြင်းကွယ်ထွက်ဆိုနေ၍ စည်းရုံးစစ်ဆေးခြင်း၊ ခြောက်လှန့်စစ်ဆေးခြင်း တို့ကိုသာ ပြုလုပ်ခဲ့ပြီး ရိုက်နှက်ထိုးကြိတ်ခြင်း၊ ဓါးဖြင့်ထိုးခြင်းတို့ မပြု လုပ်ခဲ့ကြောင်း၊ အမှုစစ်အခန်းတွင် CCTV တပ်ဆင်ထားကြောင်း၊ ငှက်ပျောသီး (ခ) နိုင်မင်းသူ နှင့်အတူ ၎င်းတို့ ၃ ဦးအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၆/ ၁၁၄ ဖြင့် အမှုဖွင့်လှစ် အရေးယူ ခဲ့ကြောင်း၊ ၎င်းတို့ ၃ ဦးအား ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးပါက ဒဏ်ရာများ ရှိမည်ဖြစ်ကြောင်း၊ ၂၅-၁-၂၀၁၆ ရက်နေ့နှင့် ၅-၂-၂၀၁၆ ရက်နေ့တွင် တရားရုံး၌ ရမန်ယူစဉ် ဒဏ်ရာများမရှိကြောင်း ပြန်ကြားခဲ့ပါသည်။

၃။      ထို့ပြင် အမှုမှ ဖမ်းဆီးခံရသူ ဦးစန်းလွင်၊ ဦးဝင်းနိုင် (ခ) ဗလကြီးနှင့် ဦးကျော်ဦးတို့ ၃ ဦး ၏ ထွက်ဆိုချက်များအရ လည်းကောင်း၊ စစ်ဆေးစဉ် CCTV မှတ်တမ်းများအရလည်းကောင်း၊ ၎င်းတို့ ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများမတွေ့ရှိရခြင်း တို့ကြောင့် လည်းကောင်း၊ ဦးစန်းလွင် ပါ ၃ ဦးအား မတရားနှိပ်စက်၍ ဝန်ခံခိုင်းသည်ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း စိစစ်သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ – ၂၀၁၆ ခုနှစ်၊ မတ်လ ( ၁၇ ) ရက်

ဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်းအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဝမ်းမြောက်ဂုဏ်ပြုခြင်း

၂၀၁၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထင်ကျော် အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဝမ်းမြောက်ဂုဏ်ပြု ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၇ ရက်

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသည့် တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမများအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၁) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

၁။      အစိုးရဌာနဆိုင်ရာအရာထမ်းများ၊ ဝန်ထမ်းများ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားစေ ရန်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်သည် ၂၀၁၆ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ် လျှက်ရှိသည့် တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၂၁) သို့ သွားရောက်၍ လူ့အခွင့်အရေးအယူအဆနှင့် သမိုင်းကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန် ဆောင်ရွက်ချက်များတို့ကို ဆွေးနွေး ခဲ့ပါသည်။ သင်တန်းသို့ တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမ များ (၇၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

၂။      သင်တန်းသူ၊ သင်တန်းသားများက သိရှိလိုသည်များနှင့် အမြင်သဘောထား မတူညီမှုများကို အပြန်အလှန် ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။