မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ်၊ လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် လေ့ကျင့်ပညာပေးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တစ်ရပ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးများမှ ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၉:၀၀ နာရီက၊ အမှတ် (၄) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (စစ်တွေ) ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့က တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဦးဇော်ဝင်းတို့က လူ့အခွင့်အရေး ဘာသာရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချကြပြီး အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်သူများက အဖွဲ့လိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (စစ်တွေ) မှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြပါသည်။ သင်တန်းကို ဧပြီလ ၅ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံတက်ရောက်ခြင်း

၁။        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးညွန့်ဆွေတို့ သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိကျင်းပသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ (International Coordinating Committee of National Institutions for the Promotion and Protection of Human Rights – ICC) ၏ (၂၉)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေညီလာခံသို့ တက်ရောက် ခဲ့သည်။

၂။        နိုင်ငံတကာညှိနှိုင်းရေးကော်မတီကို ကုလသမဂ္ဂက ကမကထပြု၍ နိုင်ငံအသီးသီးရှိ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းတည်ထောင်ထားပြီး လက်ရှိအချိန်တွင် နိုင်ငံအသီးသီး၌ ဖွဲ့စည်း တည်ထောင်ထားသည့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၁၁၁ ဖွဲ့ရှိသည့်အနက် နိုင်ငံတကာ ညှိနှိုင်းရေးကော်မတီက “အေ” အဆင့် အဖွဲ့အစည်းပေါင်း (၇၂) ဖွဲ့၊ “ဘီ” အဆင့် အဖွဲ့အစည်းပေါင်း (၂၉) ဖွဲ့နှင့် “စီ” အဆင့် အဖွဲ့အစည်းပေါင်း (၁၀) ဖွဲ့ သတ်မှတ်၍ အသိအမှတ်ပြု ထားသည်။ အမျိုးသား လူ့အခွင့် အရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာ ပါရီအခြေခံမူများနှင့် ကိုက်ညီမှု “စံ”သတ်မှတ် ရာတွင် အပြည့်အဝကိုက်ညီမှုရှိပါက “အေ” အဖြစ် လည်းကောင်း၊ ကိုက်ညီမှုရှိသော်လည်း အပြည့်အဝ ကိုက်ညီစေရေး ဆက်လက်ဆောင်ရွက် ရန်ရှိပါက “ဘီ” အဖြစ်လည်းကောင်း၊ ကိုက်ညီမှုမရှိပါက “စီ” အဖြစ်လည်းကောင်း သတ်မှတ် ခြင်းဖြစ်သည်။

၃။        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံတကာညှိနှိုင်းရေးကော်မတီက “ဘီ”အဆင့် သတ်မှတ်၍ အသိအမှတ်ပြုပါသည်။ အဆင့်သတ်မှတ်ရေး ဆပ်ကော်မတီ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ဥပဒေအရ ဖွဲ့စည်းတည်ထောင်ခြင်းကိုကြိုဆိုပါကြောင်း၊ ကော်မရှင်အနေဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိသော်ငြားလည်း လူ့အခွင့်အရေးမြှင့်တင်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေမှုများအတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ချီးကျူးပါကြောင်း၊ အထူးသဖြင့် လူ့အခွင့်အရေးကို လက်တွေ့ကျင့်သုံးရန် အတွက် အဓိကကျသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပညာပေးရန် ညှိနှိုင်းစီစဉ်ဆောင်ရွက်မှုအတွက် ချီးကျူးပါကြောင်း စသည်ဖြင့် ဖေါ်ပြပါရှိသည်။

၄။        (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေညီလာခံတွင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ (ICC) ကို အနှစ်သာရ ပိုမိုပြည့်စုံ စေရန်အတွက် “အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး” (Global Alliance of National Human Rights Institutions – GANHRI) အဖြစ် အမည်ပြောင်းလဲသတ်မှတ် ခဲ့သည်။

၅။        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာမြို့၌ရှိစဉ် ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးနှင့်အာရှ-ပစိဖိတ်အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ လည်းကောင်း၊ ညှင်းပမ်းနှိပ်စက်မှု တားဆီးကာကွယ်ရေး အဖွဲ့က ကျင်းပသည့် ညှင်းပမ်းနှိပ်စက်မှုဆန့်ကျင်​ရေး လမ်းညွှန်ဥပဒေစာအုပ် ထုတ်ဝေဖြန့်ချိပွဲသို့ တက်ရောက်၍ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍လည်းကောင်း ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာဘာသာမှ (ကချင်/ မွန်/ ရှမ်း) ဘာသာဖြင့် ဘာသာပြန်ဆိုထားသော ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းဒုတိယအကြိမ် ဖြန့်ချိခြင်းအခမ်းအနားကျင်းပ

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာဘာသာမှ ကချင်၊ မွန်၊ ရှမ်းဘာသာများဖြင့် ပြန်ဆိုပြီး ပထမအကြိမ် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းမိတ်ဆက်ဖြန့်ဝေခြင်း အခမ်းအနားကို ၂၀၁၅ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒုတိယအကြိမ်ဖြန့်ချိသည့် အခမ်းအနားကို ၂၀၁၆ခုနှစ်၊ဧပြီလ ၁ရက်နေ့ နံနက် (၁၀:၀၀)နာရီက ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။

၂။      အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြကအဖွင့် အမှာစကားပြော ကြားခဲ့ပြီးကော်မရှင်ဥက္ကဋ္ဌဦးဝင်းမြ၊ ဒုတိယဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များဖြစ်ကြသော ဦးညွန့်ဆွေ၊ ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ်မြမြတို့ကသက်ဆိုင်ရာတိုင်းရင်းသား စာပေနှင့်ရိုးရာ ယဉ်ကျေးမှုကော်မတီများမှ တာဝန်ရှိသူများထံသို့ ကမ္ဘာ့လူ့ အခွင့်အရေး ကြေညာစာတမ်း (ကချင်၊ မွန်၊ ရှမ်း) ဘာသာစာအုပ်များကိုပေးအပ်ခဲ့သည်။

၃။      အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ ကချင် လူမျိုးရိုးရာယဉ်ကျေးမှုကော်မတီ၊ ကျိုင်းတုံအသင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ရှင်စောပုအမျိုးသမီးစွမ်းဆောင်ရှင် အသင်းမှ တာဝန်ရှိသူများစုစုပေါင်း ( ၃၀ ) ဦးခန့် တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။

တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)နှင့် (ဘုရင့်နောင်) တို့တွင် ဖွင့်လှစ်လျက်ရှိသည့် ခြေလျင် တပ်ရင်းမှူးသင်တန်းများနှင့်ခြေလျင်တပ်ခွဲမှူးသင်တန်းများသို့ သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

တပ်မတော်(ကြည်း/ရေ/လေ)အရာရှိများလူ့အခွင့်အရေးဆိုင်ရာအသိပညာပြန့်ပွားစေရန် အတွက် ကော်မရှင်သည် ဗထူးတပ်မြို့ (ရပ်စောက်မြို့)နှင့်ဘုရင့်နောင် (သံတောင်ကြီးမြို့) ရှိတပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းများရှိတပ်ရင်းမှူးသင်တန်း၊ (ဗိုလ်မှူးအဆင့်) နှင့် တပ်ခွဲမှူးသင်တန်း (ဗိုလ်ကြီးအဆင့်) များအတွက် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များပို့ချပေးနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းခဲ့ရာသဘောတူခွင့်ပြုချက် ရရှိသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်နှင့် ညွှန်ကြားရေးမှူးဒေါက်တာခိုင်ခိုင်ဝင်းတို့သည် ၂၀၁၆ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) သို့ သွားရောက်၍ ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၇၉) နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းအမှတ်စဉ် (၁၉၀) သို့လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) သို့သွားရောက်၍ ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၃၉) နှင့် ခြေလျင် တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၄၆) တို့သို့လည်းကောင်း၊သွားရောက်၍ လူ့အခွင့်အရေးအယူအဆနှင့် သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဘာသာရပ်၊  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်ဆောင်ရွက်ချက်များတို့ကိုပို့ချဆွေးနွေးခဲ့ပါသည်။

သင်တန်းများတွင် အောက်ပါအတိုင်းတပ်မတော် အရာရှိများတက်ရောက်ခဲ့ကြပါသည်-

(က)    တပ်မတော် (ကြည်း) တိုက်ခိုက် ရေးကျောင်း (ဗထူး)

(၁)     ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၇၉)         ၁၆၉ ဦး

(၂)     ခြေလျင် တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၁၉၀)         ၂၇၉ ဦး

(ခ)     တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)

(၁)     ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၃၉)         ၁၆၈ ဦး

(၂)     ခြေလျင် တပ်ခွဲမှူးသင်တန်းအမှတ်စဉ် (၄၆)          ၂၈၇ ဦး

စုစုပေါင်းတပ်မတော်အရာရှိ (၉၀၃) ဦးတက်ရောက်ခဲ့ကြပါသည်။

သင်တန်းသားအရာရှိများမှသိရှိလိုသည်များကိုအထူးစိတ်ဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးခြင်း၊ မရှင်းလင်းသည်များကိုမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။

          ယခုကဲသို့ တပ်ရင်းမှူးသင်တန်းနှင့် တပ်ခွဲမှူးသင်တန်းများသို့ သွားရောက်၍ လူ့အခွင့် အရေးဆိုင်ရာ သင်တန်းများ ပို့ချခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီးအလားတူ သင်တန်းများကိုတစ်နှစ်လျှင်(၄)ကြိမ်ခန့် ဖွင့်လှစ်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေးဆိုင်ရာအသိပညာရပ်များကိုဆက်လက်ပို့ချ ဆွေးနွေးရန် ပြင်ဆင် ထားရှိပါသည်။