ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်နှင့်ဒလမြို့နယ် များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်၊ တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပခဲ့ရာ  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ အင်အား(၂၁၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည် ။ အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ယင်းနေ့ နေ့လယ်ပိုင်းတွင် ဒလမြို့နယ် ၊ သီရိဇေယျနော်ရထာခန်းမတွင် ဆက်လက်ကျင်းပခဲ့ရာ အင်အား(၂၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနား များတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းကို လည်းကောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ လုပ်ငန်း ဆောင်ရွက်ချက် များနှင့် တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြား ခဲ့ပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည် ) တွင် ဖွင့်လှစ်လျက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅၂) တွင် လူ့အခွင့်အရေးအကြောင်းရှင်းလင်းဆွေးနွေးခြင်း

၁။      အစိုးရဌာနဆိုင်ရာ အရာထမ်းများ၊ ဝန်ထမ်းများ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွား စေရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၀၈:၂၀ ချိန်မှ ၁၁:၂၀ ချိန်ထိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ၊ ကေတုမတီခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် အလယ်အလတ် အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅၂) သို့ သွားရောက်၍ လူ့အခွင့်အရေး အယူ အဆ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တာဝန်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဆွေးနွေးပို့ချ ခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၈၀ ဦး တက်ရောက်ခဲ့ပါသည်။

၂။      သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး မေးမြန်းမှု များပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (နေပြည်တော်) ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့် အရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း၊

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (နေပြည်တော်) ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို၂၀၁၆ခုနှစ်၊ ဇူလိုင်လ၂၆ ရက်နေ့က နံနက်၀၉:၀၀နာရီတွင် နေပြည်တော်ရှိ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး အမှတ် (၁) လုံခြုံရေးရဲတပ်ဖွဲ့ ကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက အမှာစကား ဆက်လက် ပြောကြားခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အမှတ်(၁) လုံခြုံ ရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့များမှ  ရဲအရာရှိ (၅၀) ဦးတက် ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့ လူ့အခွင့်အရေကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂ လူ့အခွင့်အရေး စာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အကြောင်းတို့ကို ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင် ရုံးဝန်ထမ်းများက ဆွေးနွေးပို့ချသွားမည်ဟု သိရှိရပါသည်။

ဆောင်ရွက်ချက်အမှတ်စဉ် (၂/၂၀၁၆/ကာကွယ်)

၁။      ၂၀-၁-၂၀၁၅ ရက်နေ့တွင် မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကချင်လူမျိုးဆရာမ(၂)ဦးသေဆုံးမှုနှင့်ပတ်သက်၍ အဖြစ်မှန်အား စုံစမ်းဖော်ထုတ်ပေးရန် နှင့် တိုးတက်မှုအခြေအနေများ ပြန်ကြားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၂၈-၁-၂၀၁၅၊ ၂၃-၃-၂၀၁၅ နှင့် ၁၅-၅-၂၀၁၅ရက်နေ့များတွင် အကြောင်းကြားခဲ့ပါသည်။

၂။      ပြည်ထဲရေးဝန်ကြီးဌာနကလည်း ၉-၂-၂၀၁၅ နှင့် ၁၇-၄-၂၀၁၅ ရက်နေ့များတွင် အမှုစုံစမ်းဖော်ထုတ်မှုများနှင့်တိုးတက်မှုအခြေအနေများကို ပြန်ကြားခဲ့ပါသည်။

၃။      ထို့ပြင် ယခင်နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်အရ ဤအမှုကို ကွင်းဆင်းစုံစမ်း ဆောင်ရွက်နေသော Kachin Baptist Convention (KBC) သို့လည်း ဆောင်ရွက်မှု အခြေအနေများကို ပြန်ကြားပေးရန် ၁၇-၉-၂၀၁၅ရက်နေ့တွင် အကြောင်းကြားခဲ့ရာ KBC မှလည်း ၂၈-၉-၂၀၁၅ ရက်နေ့တွင် မည်သူ့ကိုမှ အမုန်းတရားမရှိဘဲ အမှန်တရား ပေါ်ပေါက် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

၄။      သို့သော် ယနေ့အချိန်ထိ အဖြစ်မှန် ဖော်ထုတ်နိုင်ခြင်းမရှိသေးသဖြင့် ၂၁-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဤအမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို သတင်းထုတ်ပြန်ခြင်း၊ မသင်္ကာတရားခံများကို တရားစွဲဆိုတင်ပို့ခြင်းနှင့် နယ်ဘက်တရားရုံးတွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးစီရင်ခြင်းတို့ကို  ပြုလုပ်သင့်ပါကြောင်း အကြံပြုစာ ပေးပို့ခဲ့ပါသည်။

 

ရက်စွဲ။         ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။

ဆောင်ရွက်ချက်အမှတ်စဉ် (၁/၂၀၁၆/ကာကွယ်)

၁။      လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီး (၂၅ – ၆ -၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သော  တိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်မှ အလောင်း ၇ လောင်း ရရှိခဲ့ကြောင်းကို ၂-၇-၂၀၁၆ ရက်နေ့ထုတ် မြဝတီနေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ သိရှိခဲ့ရပါသည်။

၂။      သို့သော် အထက်ပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြချက်များနှင့် ကွဲလွဲမှုများရှိနေသဖြင့် အဖြစ်မှန်အား ပွင့်လင်းမြင်သာစွာ စုံစမ်းစစ် ဆေးဖော်ထုတ်သင့်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသို့ ၅-၇-၂၀၁၆ ရက်နေ့တွင် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုစာ ပေးပို့ခဲ့ပါသည်။

၃။      ယင်းအကြံပြုချက် ပေးပို့ပြီးနောက် ၂၀-၇-၂၀၁၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ အား မိုင်းယော်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခြင်းနှင့် သတင်းထောက်များ၏မေး ခွန်းများကို ​ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

 

ရက်စွဲ။         ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ။

အခြေခံပညာကျောင်းများတွင် လူ့အခွင့်အရေးဘာသာရပ်ကို သင်ရိုးညွှန်းတမ်းထည့်သွင်းရေးဆွဲနိုင်ရေး အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိ

၁။        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အခြေခံပညာကျောင်းများတွင် လူ့အခွင့်အရေး သင်ရိုးညွှန်းတမ်း ထည့်သွင်းရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနနှင့် စတင်ညှိနှိုင်းဆောင်ရွက် လျှက်ရှိပါသည်။ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာနတွင် သွားရောက်တွေ့ဆုံခဲ့ပြီး အခြေခံပညာကျောင်းများတွင် လူ့အခွင့်အရေး သင်ရိုးညွှန်းတမ်း ထည့်သွင်း ရေးဆွဲ နိုင်ရေး မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပါသည်။

၂။         အဆိုပါ သဘောတူညီမှုရရှိခဲ့ပြီးနောက် ကော်မရှင် အဖွဲ့ဝင်ဒေါက်တာမြင့်ကြည်နှင့် ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း တို့သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပညာရေးသုတေသန ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲတွင် ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာမြင့်သိန်းဦးစီးသည့် အဖွဲ့နှင့် သင်ရိုးညွှန်းတမ်းပြုစုရေး ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်၊ ဒေါက်တာဒေါ်သန်းနွဲ့နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့ပါဝင်သော ကော်မရှင်အဖွဲ့သည် သင်ရိုး ညွှန်းတမ်း တွင် လူ့အခွင့်အရေးသင်ခန်းစာ ထည့်သွင်းရေးဆွဲနိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေး များကို ပုံမှန်အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိပါသည်။ လက်ရှိတွင် ဒုတိယတန်းမှစတင်၍ ထည့်သွင်းနိုင်ရေးအတွက် ဦးစားပေး စတင် ဆောင်ရွက်လျက်ရှိပါသည်။

၃။        ကော်မရှင်အနေဖြင့် သင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေး ဘာသာရပ်ထည့်သွင်းနိုင်ရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်း များ ၏အကြံပြုချက်များ ရယူထည့်သွင်းရေးဆွဲ နိုင်ရန် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ၂၀၁၆ ခုနှစ်၊ လုပ်ငန်းအစီအစဉ်အရ အမှတ် (၃)လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံး(မန္တလေး) ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၆ခုနှစ်၊ လုပ်ငန်းအစီအစဉ်အရ အမှတ်(၃) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး(မန္တလေး) ကွပ်ကဲမှုအောက်ရှိ ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက်၀၉: ၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ်(၃) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးက အမှာစကားဆက်လက်ပြောကြားခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန်ခန်းမတွင်  ၂ ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမှတ်(၃) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲမှု အောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ ရဲအရာရှိ ၅၀ ဦး တက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂလူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပြဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းတို့ကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင်ရုံး ဝန်ထမ်းများက ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

received_1059005160833993received_1058991320835377received_1058990794168763 received_1058990824168760

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အစည်းအဝေးတက်ရောက်ခြင်း

(ချင်းမိုင်၊ ထိုင်းနိုင်ငံ)

          မသန်စွမ်းသူများဆိုင်ရာ အာဆီယံလုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအတွက် ဒုတိယအကြိမ် မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၁) ရက်နေ့ထိ ထိုင်းနိုင်ငံ၊ အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင် (AICHR) မှ ဦးဆောင်၍ ကျင်းပ ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ (SEANF ဥက္ကဋ္ဌ) ၊ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် (မသန်စွမ်းသူများဆိုင်ရာ ဘာသာရပ် တာဝန်ရှိသူ) တို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မသန်စွမ်းသူများ၏ ပညာရေးအခွင့်အလမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ အလုပ်အကိုင်ရရှိရေးတို့အားအတွေ့အကြုံဖလှယ်ဆွေးနွေးကြသည်။

          ၎င်းအစည်းအဝေးသို့ AICHR ကိုယ်စားလှယ်များ၊လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ် များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်သော ဌာနဆိုင်ရာ အရာရှိကြီးများ၊ ASEAN၊ WHO၊ UNICEF မှ ကိုယ်စားလှယ်များ စုစုပေါင်း ကိုယ်စားလှယ် (၁၃၀) ခန့် တက်ရောက်ကြသည်။ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမားဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနမှ အရာရှိများ၊ ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မသန်စွမ်းမြန်မာရှေ့ဆောင်အဖွဲ့မှ မသန်စွမ်း ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြသည်။