ဆောင်ရွက်ချက်အမှတ်စဉ် (၁၄/၂၀၁၆/ကာကွယ်) (မောင်းမကန်)

၁။      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်းမကန်ကမ်းခြေရှိ ဆိုင်ခန်းများအား ၈-၂-၂၀၁၆ နေ့တွင် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ DDPC အများပိုင် ကုမ္ပဏီလီမိတက်မှ တာဝန်ယူထားသော လျှပ်စစ်မီးပေးရေးအဖွဲ့၏ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်ခဲ့သော မီးလောင်မှုသည် တိုင်တန်းသူ ဆိုင်ခန်းပိုင်ရှင်များ အတွက် ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင်မှုနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ သည် အမှန်တရား အား ဖုံးကွယ်ကာ နစ်နာသူ မီးဘေးသင့်ပြည်သူများအား ယနေ့အချိန်ထိ လာရောက်ဖြေရှင်းပေးခြင်း မရှိကြောင်း၊ သို့ဖြစ်ပါ၍ မောင်းမကန်ကမ်းခြေ မီးဘေးသင့်ပြည်သူများ၏ နစ်နာဆုံးရှုံးမှုအား အမြန်ဆုံး ကူညီဖြေရှင်းပေးပါရန် မီးဘေးသင့်ပြည်သူများမှ ကော်မရှင်သို့ ၂၅-၂-၂၀၁၆ နေ့တွင် တိုင်တန်းချက် ပေးပို့ခဲ့ပါသည်။

၂။      ၎င်းတိုင်တန်းစာအား ၂၉-၂-၂၀၁၆ နေ့တွင် ရရှိခဲ့ပြီး ၃-၃-၂၀၁၆ နေ့တွင် ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၁၆) တွင် ထိုင်ပြီး စိစစ်ဖြေရှင်းဆောင်ရွက် ပေးနိုင်ပါရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၇-၃-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၃။      တနင်္သာရီတိုင်းဒေသကြီးအစိုးရက “မီးလောင်ကျွမ်းမှုသည် ထရန်စဖေါ်မာမှ ရှော့ဖြစ်ပြီး မီးစလွင့်ကာ မြက်ခြောက်မှတစ်ဆင့် မီးလောင်ကျွမ်းခြင်းကြောင့် မဟုတ်ဘဲ အခြားအကြောင်းအရာ ကြောင့် မီးလောင်မှုဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၎င်းမြေနေရာသည် အမှတ် (၁၀၄) ခြေလျင်တပ် ရင်းအမည်ဖြင့် မြေသိမ်းအမှုတွဲ ဖွင့်လှစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယာယီအဆောက်အဦများ ဆောက်လုပ်ကာ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခဲ့ပြီး ပြန်လည်ဆောက်လုပ်ခွင့်မပြုရန် မူလ ပိုင်ရှင်ဖြစ်သူများက ကန့်ကွက်စာများတင်ပြထားရှိကြောင်း” စသည်ဖြင့် ၁၈-၃-၂၀၁၆ နေ့တွင် ပြန် ကြားခဲ့ပါသည်။

၄။      ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၆-၄-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ရာ “ ထရန် စဖေါ်မာမှ စတင်လောင်ကျွမ်းခြင်းသာဖြစ်ကြောင်း၊ ၎င်းမြေနေရာအား လယ်ယာမြေနိုင်ငံပိုင်ပြုလုပ် ရေး အက်ဥပဒေပုဒ်မ ၃၉ အရ အခြားနည်းအသုံးပြုခွင့်အထိသာရယူဆောင်ရွက်ထားခဲ့ပြီး၊ မြေအခိုင် အမာ အဆောက်အဦ၊ သီးနှံနှင့် ပြောင်းရွှေ့စရိတ်များအတွက် စုစုပေါင်း လျော်ကြေးငွေ ၆၀၄,၉၂၅.၉၄ ကျပ် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ၉-၃-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၇၂၂ ကြိမ်မြောက် ကာကွယ်ရေးဌာန အဆောက်အဦကော်မတီအစည်းအဝေးမှ တပ်ပိုင်မြေအဖြစ်ဆက်လက်သိမ်းဆည်း ခြင်းမပြုရန် ဆုံးဖြတ်ချက်အရ ဆက်လက်သိမ်းဆည်းခြင်းမပြုခဲ့ကြောင်း၊ ယနေ့အချိန်ထိ ဆိုင်ခန်း များ ရောင်းချနေသော်လည်း တပ်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများမှ တရားဝင်ခွင့်ပြုထားခြင်း မရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကော်မတီဖွဲ့ ထိန်းသိမ်းခြင်းနှင့် စည်ပင်သာယာမှ ရောင်းချခွန်အဖြစ် ဆိုင်ကြီး ၇၀,၀၀ဝိ/-၊ ဆိုင်သေး ၄၀,၀၀ဝိ/- နှုန်းဖြင့် ကောက်ခံလျှက်ရှိကြောင်း” စသည်ဖြင့် ၁-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။        ပြန်ကြားချက်များအရ မီးလောင်ကျွမ်းမှု၊ မြေပိုင်ဆိုင်မှု၊ ရောင်းချခွန်ကောက်ခံမှုတို့နှင့် ပတ် သက်၍ DDPC ကုမ္ပဏီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့နှင့်သာ သက်ဆိုင်နေကြောင်း သုံးသပ်တွေ့ရှိရပါသဖြင့် မီးဘေးသင့်ပြည်သူများအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် ထိုက်သင့်သည့်ဖြေရှင်း ကုစားပေးမှုများ ပြုလုပ်သင့်ပါကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ၃၀ – ၈  -၂၀၁၆ နေ့တွင် မေတ္တာရပ်ခံခဲ့ပါသည်။

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

ဆောင်ရွက်ချက်အမှတ်စဉ်( ၁၃/၂၀၁၆/ကာကွယ်) (မြန်မာ့အကြီးစားစက်မှုလုပ်ငန်းစက်ရုံ အမှတ် ၁၂)

၁။      ၁၉၈၉ ခုနှစ်တွင် အမှတ် (၅) ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မိသားစု စားနပ်ရိက္ခာဖူလုံရေး အတွက်ဟုဆိုကာ တောင်သူ (၁၁၀) ဦး ပိုင်ဆိုင်သော လယ်ယာမြေများအား နစ်နာကြေးမပေးဘဲ သိမ်းယူခဲ့၍ မြန်မာ့အကြီးစားစက်မှုလုပ်ငန်းစက်ရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေမပြဋ္ဌာန်းမီအချိန်ထိ တောင်သူများမှာ ၎င်းစက်ရုံသို့ သီးစားပေး၍ လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အကောင်အထည်ဖော်ပြီးသည့်နောက်တွင် တောင်သူများမှ သက်ဆိုင်ရာဌာနများသို့ စက်ရုံမှ အကောင်အထည်မဖော်ဖြစ်သော မြေများအတွက် မှတ်ပုံ တင်ခွင့်ရရှိရန် တောင်းခံခဲ့ရာတွင် ထိုမြေများအား ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း၊  သို့ဖြစ်ပါ၍ ပြန်လည်မစွန့်လွှတ်သော လယ်ယာမြေများ အတွက် လျော်ကြေး၊ နစ်နာကြေးများရရှိစေ ရန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တုံကင်းကျေးရွာအုပ်စု၊ ရွာထောင်ချင်းကျေးရွာနေ ဦးကျော်နိုင် (ပါ) တောင်သူ ၁၁၀ ဦးမှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ၂၂-၂- ၂၀၁၆ နေ့တွင် တိုင်ကြားလာခဲ့ပါသည်။

၂။      ၁-၃-၂၀၁၆ နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၁၆) တွင် ထိုင် ပြီး စိစစ်ဖြေရှင်းပေးရန် စက်မှုဝန်ကြီးဌာနသို့ ၇-၃-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၃။      ပြန်ကြားချက်မရရှိသဖြင့် ၃-၈-၂၀၁၆ နေ့တွင် စက်မှုဝန်ကြီးဌာနသို့ ထပ်မံအကြောင်းကြား ခဲ့ရာ ၁၈-၈-၂၀၁၆ နေ့တွင် စက်မှုဝန်ကြီးဌာနက ၎င်းမြေပိုင်ဆိုင်သော အမှတ် (၁၂) အကြီးစား စက်ရုံ (ထုံးဘို)အား ၃၁-၃-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြန်ကြားခဲ့ပါသည်။

၄။      ထို့ကြောင့် ၎င်းမြေအသုံးချမှုအား စိစစ်၍ ပြန်လည်ပေးအပ်နိုင်သော မြေများကို ပြန်လည်ပေး အပ်ခြင်း၊ ပြန်လည်ပေးအပ်ခြင်းမပြုနိုင်ပါက ထိုက်သင့်သည့် လျော်ကြေးများရရှိအောင် ဆောင် ရွက်ပေးခြင်းစသည်တို့ကို ပြုလုပ်သင့်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသို့ ၃၀-၈-၂၀၁၆ နေ့ တွင် အကြောင်းကြားခဲ့ပါသည်။

 

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

ဆောင်ရွက်ချက်အမှတ်စဉ် (၁၂/၂၀၁၆/ကာကွယ်) (အေးမြသာယာ)

၁။      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စုနေ ဦး မောင်မောင်လေး(ပါ) တောင်သူ ၂၈ ဦးက ၎င်းတို့လုပ်ကိုင်နေသော လယ်မြေများသည် ယခင် ဆပ်ပုတ်သစ်တောကြိုးဝိုင်းဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) နှင့် လက်အောက် ခံတပ်ရင်းများအား သီးစားခပေး၍ လုပ်ကိုင်ခဲ့ကြောင်း၊ သစ်တောပယ်ဖျက်မြေ၊ စွန့်လွှတ် မြေများဖြစ်သဖြင့် ၂၀၁၂ လယ်ယာမြေနည်းဥပဒေအတိုင်း လယ်မြေပိုင်ဆိုင်ခွင့် ရရှိရေးအတွက် လျှောက်ထားခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် နိုင်ရန် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သို့ လွှဲပြောင်းပေးလိုက်သော်လည်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဥပဒေကို ချိုးဖောက်၍ အမျိုးမျိုးလှည့်ပတ် ပြောဆိုနေကြောင်း၊ လယ်ယာမြေပုံစံ(၇) ရရှိထားသော ဗိုလ်ကြီးတင်ထွန်းနိုင် အပါအဝင် အရာရှိ ၉ ဦးမှလည်း အေးမြသာယာ ရဲစခန်းဖြင့် ပူးပေါင်း၍ ၎င်းတို့အား ခြိမ်းခြောက်နေကြောင်း စသည်ဖြင့် ၂၂-၂-၂၀၁၆ ရက်နေ့တွင် ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

၂။      အထောက်အထားနှင့် မှတ်ပုံတင်မိတ္တူများ မပါရှိသဖြင့် ၁၆-၂-၂၀၁၆ နေ့တွင် တောင်း ခံခဲ့ရာ  ၂၉-၂-၂၀၁၆ ရက်နေ့တွင် ရရှိခဲ့ပါသည်။

၃။      ၁-၃-၂၀၁၆ ရက်နေ့တွင် ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၁၆) ထိုင်ပြီး၊ စိစစ်ဆောင်ရွက်ပေးရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၇-၃-၂၀၁၆ နေ့ တွင် အကြောင်းကြားခဲ့ပါသည်။

၄။      ထို့နောက် အထက်ပါတိုင်ကြားသူများက ၎င်းတို့အား အေးမြသာယာရဲစခန်းတွင် ပုဒ်မ ၄၇၇ ဖြင့် အမှုဖွင့်လှစ်ထားခြင်းခံရကြောင်း၊ ထပ်မံတိုင်တန်းခဲ့သဖြင့် ၂၄-၃-၂၀၁၆ ရက်နေ့တွင် ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၁၆) ထိုင်ပြီး၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၄-၄-၂၀၁၆ နေ့တွင် ထပ်မံအကြောင်းကြားခဲ့ပါသည်။

၅။      ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားမှု မရှိသဖြင့် ၇-၇-၂၀၁၆နေ့တွင် ပထမအကြိမ် နှိုး ဆော်ခဲ့ရာ၊ ၃-၈-၂၀၁၆ နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက တိုင်ကြားစာပါ မြေ ၆၄၃.၁၈ ဧကသည် ဦးပိုင်ပေါက် လယ်မြေမဟုတ်ဘဲ တပ်ရင်း/တပ်ဖွဲ့များ၏သက်သာချောင်ချိရေးအ တွက် ပယ်ဖျက်သစ်တောကြိုးဝိုင်းမြေများအား စပါးစိုက်ပျိုးနိုင်ရန် လူအင်အား၊ စက်ယန္တရား များဖြင့် လယ်ယာမြေ ဖော်ထုတ်၍ စိုက်ပျိုးခဲ့သည့်မြေများသာဖြစ်ကြောင်း၊ တပ်ရင်း/ တပ် ဖွဲ့များမှ ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်နိုင်မည့်မြေ ၃၀၈.၂၇ ဧကအား ချန်လှပ်၍ ကျန်မြေ ၃၃၄.၉၁ ဧကအား စွန့်လွှတ်ပေးထားပြီးဖြစ်သဖြင့် စွန့်လွှတ်မြေဧရိယာအတွင်း စိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိရေး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီသို့ လုပ်ထုံးလုပ်နည်းများနှင့်အ ညီ လျှောက်ထားဆောင်ရွက်သင့်ပါကြောင်း ပြန်ကြားခဲ့ပါသည်။

၆။      ကော်မရှင်က တိုင်ကြားသူများထံသို့ ကာကွယ်ရေးဝန်ကြီးဌာန၏ပြန်ကြားချက်ကို ၃၀-၈-၂၀၁၆ နေ့တွင် တိုင်ကြားသူများထံ ဆက်လက်အကြောင်းကြားခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေး ဆိုင်ရာ  အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီ တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရာမညဇာနည်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာ စကားပြောကြားပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဘိုဘိုဦးက အမှာစကား ဆက်လက် ပြော ကြားခဲ့ပါသည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မွန်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံကပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂလူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေး ယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာဉာဏ်ဇော်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ဆွေးနွေးပို့ချသွား မည်ဟုသိရှိရပါသည်။

၃။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် ရဲအရာရှိများအတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်တွေမြို့များရှိ လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးရုံးများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် ပြုလုပ်ခဲ့ပြီး ယခု ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ဆဋ္ဌမမြောက် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။

ဆောင်ရွက်ချက်အမှတ်စဉ် (၁၁/၂၀၁၆/ကာကွယ်) (သိမ်ဇရပ်)

၁။      မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွား ခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၆/၂၀၁၆) ၉-၅-၂၀၁၆ နေ့တွင် အကြံပြုတိုက်တွန်း ချက် ၃ ချက်ကို ဖော်ပြ၍ သက်ဆိုင်ရာဌာနများသို့ ပေးပို့ခဲ့ပြီး၊ ဆောင်ရွက်မှုအခြေအနေများ ကို ပြန်ကြားပေးရန် ၁၁-၇-၂၀၁၆ နေ့တွင် နှိုးဆော်ခဲ့ပါသည်။

၂။      ပြည်ထဲရေးဝန်ကြီးဌာနက “အခင်းဖြစ်ပွားရာတွင် ရဲဒုတပ်ကြပ်စိုးရာဇာအား ဆဲဆို ခြိမ်းခြောက်ကာ တုတ်ဖြင့် ရိုက်နှက်ခဲ့သော ဝါးဒတ်ကွင်းကျေးရွာနေ မောင်ရွှေအား ဖမ်းဆီး ရမိပြီး၊ ၉-၅-၂၀၁၆  နေ့တွင် ရာ ၂၉၄/ ၅၀၆/ ၃၃၂ တို့ဖြင့် တရားစွဲဆိုခဲ့ရာ ကျိုက်ထိုမြို့နယ် တရားရုံးမှ ရာကြီးမှု ၃၅၁/၂၀၁၆ ဖြင့် စစ်ဆေးနေပြီဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေ သူ ထွန်းနိုင်ဝင်း (ခ) ဘီလူးနှင့် မောင်မောင်တို့အား ရာ ၂၉၄/ ၅၀၆/ ၃၃၂/ ကျင့် ၅၁၂ တို့ ဖြင့် တရားစွဲဆိုခဲ့ရာ ကျိုက်ထိုမြို့နယ်တရားရုံးမှရာ/ထွေမှု ၃၈/၂၀၁၆ ဖြင့် လက်ခံထားရှိ ကြောင်း၊ ကျူးကျော်တဲ ၆၅၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့သူများ ဖြစ်သော ဦးခင်အေး (ခ) ပဲသီး၊ ဦးအောင်မိုးမြင့်၊ ဆန်းလွင် (ခ) ငမျိုး၊ ထွန်းဇော်ဦး (ခ) စောနိုင်လင်း၊ ဝင်းအောင်၊ စိုးစိုး၊ ကျော်ဦး၊ ခိုင်ဝင်း၊ တင်အိ (ခ) အိမောင်နှင့် သန်းအောင်တို့အား ဖမ်းဆီးပြီး၊ ၂၁-၇-၂၀၁၆ နေ့ တွင် ရာ ၄၃၆ ဖြင့် တရားစွဲဆိုခဲ့ရာ ကျိုက်ထိုမြို့နယ် တရားရုံးက ရာကြီးမှု ၅၁၉/၂၀၁၆ ဖြင့် စစ်ဆေးနေပြီဖြစ်ကြောင်း၊ ” စသည်တို့ကို ၂၉-၇-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      အလားတူ မွန်ပြည်နယ်အစိုးရကလည်း “ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးက တား မြစ်ဧရိယာအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သော ဦးဘိုဘိုအောင်(ပါ) ၇ ဦးအား ရာ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ရာ ရာကြီးမှု ၆၉၈/၂၀၁၅ ဖြင့်လည်းကောင်း၊ ဦးမောင်ရွှေ(ပါ) ၄ ဦး အား ရာကြီးမှု ၇၆၈/၂၀၁၅ ဖြင့်လည်းကောင်း၊ ဦးမြင့်ထွေး (ပါ) ၄ ဦးအား ရာကြီးမှု ၁၆၇ / ၂၀၁၆ ဖြင့်လည်းကောင်း ကျိုက်ထိုမြို့နယ်တရားရုံးက စစ်ဆေးနေပြီဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားမြေအား ကျေးရွာမြေအဖြစ် တိုးချဲ့ဖွဲ့စည်းခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့ ၂-၆-၂၀၁၆ နေ့တွင် တင်ပြခဲ့ကြောင်း၊ ခွင့်ပြုမိန့် ရရှိပါက စနစ်တကျ မြေနေရာချထားပေးနိုင် ရေးအတွက် အိမ်ရာမြေကွက်များ တိုင်းတာသတ်မှတ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ် ထားကြောင်း” စသည်ဖြင့် ၂-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း “အခင်းဖြစ်ပွားမှုများနှင့်ပတ်သက် ၍ ကျိုက်ထိုတရားရုံးတွင် လက်ခံစစ်ဆေးလျက်ရှိရာ ရာထွေမှု ၁၅/၂၀၁၆ နှင့် ၂၃/၂၀၁၆ တို့ မှ တရားခံ ဦးမောင်မောင်(ပါ) ၂ ဦးအား ကျင့် ၈၇/၈၈ တို့အရ ဝရမ်းများ ထုတ်ဆင့်ထား ပြီးဖြစ်ကြောင်း၊ ရာ ၇၂/၂၀၁၆၊ ၇၃/၂၀၁၆ နှင့် ၇၄/၂၀၁၆ တို့မှ တရားလိုသည် ရုံးချိန်းရက် တွင် လာရောက်ခြင်း မရှိ၍ ကျင့် ၂၅၉ အရ တရားခံအား စွဲချက်မတင်မီ လွှတ်သည့်အမိန့် ကို ၂၃-၅-၂၀၁၆ နေ့တွင် ချမှတ်ခဲ့ကြောင်း၊ ရာ ၇၈၃/၂၀၁၅ အား စစ်ဆေးနေပြီဖြစ်ကြောင်း၊ ရာ ၁၆၇/၂၀၁၆ မှ တရားခံ မြင့်ထွေး(ပါ) ၄ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာကြီးမှု အား ပိတ်သိမ်းပြီး၊ ရာ/ထွေမှုသို့ ပြောင်းလဲဖွင့်လှစ်၍ ကျန်အမှုများကို ဆက်လက်စစ်ဆေး နေဆဲဖြစ်ကြောင်း၊” စသည်ဖြင့် ၁၅-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။      တိုးတက်မှုအခြေအနေများကို ထပ်မံပြန်ကြားပေးရန် သက်ဆိုင်ရာဌာနများသို့ အကြောင်း ကြားထားပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့ပါဝင်သော ကော်မရှင် အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ရုံးခန်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် သွားရောက်တွေ့ဆုံ၍ ကရင် ပြည်နယ်အတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ  အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီ တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ယင်းနောက် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက အမှာစကားဆက်လက် ပြောကြားခဲ့ပါသည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံကပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂလူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေး ယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ ဦးစိုးဘုန်းမြင့်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ဆွေးနွေးပို့ချသွား မည်ဟုသိရှိရပါသည်။

ဆောင်ရွက်ချက်အမှတ်စဉ် (၁၀/၂၀၁၆/ကာကွယ်) (လက်ပံတန်း)

၁။      ၁၀-၃-၂၀၁၅ ရက်နေ့တွင် လက်ပံတန်းမြို့၌ ဆန္ဒပြခဲ့သော ကျောင်းသူ၊ ကျောင်းသား များကို သာယာဝတီဗဟိုအကျဉ်းထောင်၌ ထိန်းသိမ်းထားရှိစဉ် ညှဉ်းပန်းနှိပ်စက်မှုများ ပြု လုပ်နေကြောင်း တိုင်တန်းချက်အရ ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၇-၂၀၁၅ ရက်နေ့နှင့် ၁၄-၇-၂၀၁၅ ရက်နေ့များတွင် သာယာဝတီဗဟိုအကျဉ်းထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုတိုက်တွန်းချက်များကို အများပြည်သူ သိရှိရန် ကော်မရှင် Website တွင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၉/၂၀၁၅) ဖြင့် ၂၀-၇-၂၀၁၅ နေ့တွင် ဖော်ပြခဲ့ပါသည်။

၂။      အထက်ပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အစီရင်ခံစာအား ပြည်ထဲရေးဝန်ကြီးဌာန သို့ ၅-၈-၂၀၁၅ နေ့တွင် ပေးပို့ခဲ့ရာ အကြံပြုတိုက်တွန်းချက်များအပေါ် ဆောင်ရွက်ချက်များ ကို ပြည်ထဲရေးဝန်ကြီးဌာနက ၃၁-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၇-၇-၂၀၁၅ ရက်နေ့နှင့် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ (၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၉၊ ၂၁၊ ၂၇) ရက်နေ့များတွင် လက်ပံတန်းမြို့ဖြစ်စဉ်၌ ပါဝင်ပတ် သက်ခဲ့သူများကို တွေ့ဆုံစစ်မေးပြီး၊ သုံးသပ်ချက်နှင့် အကြံပြုတိုက်တွန်းချက်များကို သတင်း ထုတ်ပြန်ချက် အမှတ်စဉ် (၁၂/၂၀၁၅) ဖြင့် ၁၁-၉-၂၀၁၅ ရက်နေ့တွင် ကော်မရှင် Website ၌ ဖော်ပြခဲ့ပါသည်။ ဤအကြံပြုချက်များနှင့်ပတ်သက်၍ မည်သည့်ပြန်ကြားချက်မျှ မရရှိခဲ့ ပါ။

၄။      ထို့နောက် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့သည့် ကျောင်းသူ၊ ကျောင်း သားများကို သက်ညှာစွာ စဉ်းစား၍ အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်စွာ ပါဝင်ဆင်နွှဲ ခွင့်ရရှိရန်အတွက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန် နိုင်ငံတော်သမ္မတထံသို့  တင်ပြခြင်း၊ ကော် မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅/၂၀၁၅) ဖြင့် ၂၇-၁၀-၂၀၁၅ ရက်နေ့တွင် ကော်မရှင် Website ၌ ဖော်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၅။      သို့သော် ဤကိစ္စနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ မတ်လတွင် အစိုးရ လွှဲပြောင်းသည့်အ ချိန်ထိ စဉ်းစားဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ကော်မရှင်သို့လည်း အကျိုးအကြောင်း ပြန်ကြား ခဲ့ခြင်း မရှိပါ။

၆။      နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ၎င်းတို့အား ပြစ်မှုမှ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၁/၂၀၁၆ ထုတ်ပြန်ခဲ့ရာ၊ ၎င်းထုတ်ပြန်ချက်ကို ကြိုဆို ကြောင်း ကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၁၆) ဖြင့် ၈-၄-၂၀၁၆ နေ့တွင် ကော်မရှင် Website ၌ ဖော်ပြခဲ့ပါသည်။

၇။      ထို့နောက် အထက်ပါ ကျောင်းသူ၊ ကျောင်းသားများအား သာယာဝတီမြို့နယ် တရား ရုံး၌ တရားစွဲဆိုထားခြင်းအား ပိတ်သိမ်းပြီး၊ လွတ်မြောက်စေခဲ့ကြောင်း သိရှိရသဖြင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) သို့ ၈-၇-၂၀၁၆ နေ့တွင် E-Mail ဖြင့် အကြောင်းကြားခဲ့ပါ သည်။

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်

ဆောင်ရွက်ချက်အမှတ်စဉ် (၉/၂၀၁၆/ကာကွယ်) (စအရ (၉၀၃) မြေသိမ်းကိစ္စ)

၁။      ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနေ ဒေါ်နန်းလေး အပါအဝင် ကျေးရွာလူထု ၆၃ ဦးနှင့် ဦးခွန်မောင်ဟန် အပါအဝင် ကျေးရွာလူထု ၇၁ ဦးတို့က ၎င်းတို့၏လယ်ယာမြေဧက ၈၀၀ အား အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတို့မှ သိမ်းယူထားသဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုပါရန် ၁၀-၃-၂၀၁၄ ရက်နေ့တွင် ကော်မရှင် အဟောင်းသို့လည်းကောင်း၊ ၁၆-၁၂-၂၀၁၄ ရက်နေ့တွင် လက်ရှိ ကော်မရှင်သို့လည်းကောင်း တိုင်ကြားခဲ့ပါသည်။

၂။      ကော်မရှင်အဟောင်းသည် ၆-၆-၂၀၁၄ ရက်​နေ့တွင် တိုင်စာအား ကြားနာပြီး လိုအပ်သော အထောက်အထား၊ စာရွက် စာတမ်းများ ပေးပို့ရန် ၃၁-၇-၂၀၁၄ ရက်​နေ့တွင် တောင်းခံ ခဲ့ပါသည်။

၃။      လိုအပ်သောအထောက်အထား စာရွက်စာတမ်းများ ပြည့်စုံသဖြင့် ကော်မရှင်သည် ၉-၂-၂၀၁၅ ရက်​နေ့တွင် အစည်းအဝေး ထိုင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၃-၂-၂၀၁၅ ရက် နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၄။      ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းမြေများသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ၏ဌာနချုပ်ဧရိယာအတွင်း ပါဝင်ခြင်း မရှိဘဲ၊ ပြည်ထဲရေးအမိန့် ရရှိပြီးဖြစ်သော လေ့ကျင့်ရေးမြေ ၁၈၃၆၀.၄၈ ဧက အတွင်း ပါဝင်နေကြောင်း၊ မဖြစ်မနေအသုံးပြုရမည့် အနည်းဆုံးလို အပ်မြေ ၄၂၄၂.၅ ဧကအား ချန်လှပ်၍ ကျန်မြေ ၁၄၁၁၇.၉၈ ဧကအား ပြန်လည်စွန့်လွှတ်ပေး မည်ဖြစ်ကြောင်း ၁၂-၃-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။      ကာကွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုကို ကော်မရှင်မှ တိုင်တန်းသူများထံသို့ ၆-၄-၂၀၁၅ ရက်နေ့တွင် အသိပေး အကြောင်းကြား ခဲ့ပြီးဖြစ်ပါသည်။

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်

ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group – KHRG) နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တွေ့ဆုံဆွေးနွေးခြင်း

ကရင်လူ့အခွင့်အရေးအဖွဲ့ဝင် ၆ ဦးတို့သည် ၄.၈.၂၀၁၆ နေ့ နံနက်တွင် မြန်မာနိုင်ငံအမျိုး  သား လူ့အခွင့်အရေးကော်မရှင်ရုံးသို့ လာရောက်၍ ဥက္ကဋ္ဌ ဦးဝင်းမြ ဦးဆောင်သော ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ကရင်လူ့အခွင့်အရေး အဖွဲ့ဝင်များက ကရင်ပြည်နယ်အတွင်း ကျား၊ မအခြေပြု ခွဲခြား ဆက်ဆံခံရမှု၊ မြေယာသိမ်းဆည်းခံရမှု၊ အတင်းအဓမ္မစေခိုင်းခံရမှု၊ မတရားညှဉ်းပန်းနှိပ်စက် ခံရမှု၊ အဓမ္မငွေကြေးကောက်ခံမှု၊ ပညာရေးပိုင်းဆိုင်ရာ အားနည်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် မြေမြုပ်မိုင်းအန္တရာယ် စသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး ကရင်လူ့အခွင့်အရေး အဖွဲ့မှ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင်ထုတ်ဝေသော ‘မျက်ကွယ်ပြုခံရသောအခွင့်အရေးနှင့် ရုန်းကန် မှုများ’စာစောင်နှင့် UDHR အား ကရင်ဘာသာသို့ ပြန်ဆိုထားသည့် အိတ်ဆောင်စာအုပ်များ အားပေးအပ်ခဲ့ပါသည်။

ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ လူ့အခွင့်အရေး ကိစ္စရပ်များကို ဆောင်ရွတ်ရာတွင် တွေ့ကြုံရသောအခက်အခဲများ၊ တိုင်ကြားစာများပေးပို့ရတွင် လိုအပ်သောအချက်အလက်များနှင့် ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံခြင်းကိစ္စရပ်များကို ဆွေး နွေးပြီး အမြင်ချင်းဖလှယ်ခဲ့ပါသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့သည် ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သော လွတ်လပ်သည့် ကရင်လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ကြုံတွေ့ခံ စားနေရသော အဖြစ်အပျက်များနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စုဆောင်းမှတ်တမ်း ယူနိုင်ရန် သင်တန်းပို့ချခြင်းနှင့် လိုအပ်သည့်အထောက်အကူပစ္စည်းများကို ပံပိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။