မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး မှ အမိန့်အမှတ် ၅၆/၂၀၁၆ ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေပုဒ်မ ၁၇ ပါ ပြဌာန်းချက်အရ အောက်ပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့၀င်များကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့် ပြုလိုက်သည်-

(၁)     ဦးဇော်ဝင်း

(၂)     ဒေါက်တာဉာဏ်ဇော်

(၃)     ဒေါက်တာဒေါ်သန်းနွဲ့

(၄)     ဒေါ်မြမြ

          သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ​ ကော်မရှင် အဖွဲ့ဝင် (၇) ဦးဖြင့် ကော်မရှင်၏ လုပ်ငန်းများကို  ဆက်လက် ဆောင်ရွက်လျှက်ရှိပါသည်-

(၁)     ဦးဝင်းမြ

(၂)     ဦးစစ်မြိုင်

(၃)     ဦးယုလွင်အောင်

(၄)     ဦးညွန့်ဆွေ

(၅)    ဒေါက်တာမြင့်ကြည်

(၆)    ဦးခင်မောင်လေး

(၇)     ဦးစိုးဘုန်းမြင့်

လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ များနှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူအများ သိရှိနားလည် လိုက်နာ စေရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲများ ကို မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိ ပါသည်။

၂။      ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့ ပါဝင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် များ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိ မြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စား သူများ စုစုပေါင်း အင်အား (၂၆၉) ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ဆွေးနွေးပွဲ များကို နို၀င်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၌ ကျင်းပခဲ့ရာ စုစုပေါင်း အင်အား (၁၂၀) ဦး၊ နေ့လယ်ပိုင်းတွင် ပျော်ဘွယ်မြို့၌ ကျင်းပခဲ့ရာ စုစုပေါင်း အင်အား (၂၀၇) ဦး၊ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သာစည်မြို့၌ ကျင်းပခဲ့ရာ စုစုပေါင်း အင်အား (၃၄၉) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။      အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေး ဆိုင်ရာ အခြေခံအနှစ်သာရများနှင့် ကော်မရှင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသူများက မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။ ကော်မရှင် အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အထိ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း (၇၈) မြို့နယ် တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။