မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ၂၀၁၇ ခုနှစ် လုပ်ငန်း အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်လုပ်ငန်း အစီအစဉ်အရ လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရဲအရာရှိများမှတစ်ဆင့် ပြန့်ပွားစေရန်နှင့် ရဲလုပ်ငန်းများ ဆောင်ရွက် ရာတွင် လူ့အခွင့်အရေးများကို မထိခိုက်စေဘဲ ဥပဒေ နှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှု အောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ  ၂၅  ရက်နေ့  နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူး ရဲမှူးချုပ် ဝင်းနိုင်က အမှာစကားဆက်လက် ပြောကြား ခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး  အတွင်းရှိ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံကပါဝင်ချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးစာချုပ်များ၊ ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ဆွေးနွေးပို့ချခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ

( ကော့ကရိတ် ၊ ဇန်နဝါရီ  ၁၆ )

          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်လေ့ကျင့် ပညာပေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်အစိုးရ ဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေရန်ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ  ၁၆  ရက်နေ့ နံနက် ၉ : ၀၀ နာရီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်တို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

အလုပ်ရုံသင်တန်းတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့် အရေး အခြေခံအယူအဆများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီး များအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်၊ တိုင်တန်းချက်များနှင့် နယ်မြေအတွင်း လူ့အခွင့်အရေး ဖြစ်စဉ် များအား ဆွေးနွေးခြင်းစသည့် သင်ခန်းစာများကိုလည်းကောင်း၊ လူ့အခွင့်အရေးကြေညာစာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များ စသည့် သင်ခန်းစာများကိုပို့ချပြီး အဖွဲ့လိုက် ဆွေးနွေးခြင်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ အလုပ်ရုံ သင်တန်းသို့ ခရိုင်အဆင့်အစိုးရအရာထမ်း (၅၀) ဦး တက်ရောက်ကြသည်။ သင်တန်းကို ဇန်နဝါရီလ  ၁၇  ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ကောလင်းမြို့နှင့် ဝန်းသိုမြို့များတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာရှင်းလင်းဆွေးနွေးပွဲများကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးအကြောင်း သိကောင်း စရာများ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်း ပရိတ်သတ် အင်အား (၅၂၄) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အလားတူ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်နေ့ ညနေပိုင်းတွင် ကောလင်းမြို့ မြို့နယ်ထွေ/ အုပ်ခန်းမတွင် ကျင်းပခဲ့ရာ စုစုပေါင်း ပရိတ်သတ် အင်အား (၁၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်းတွင် ဝန်းသိုမြို့ ဦးအောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ စုစုပေါင်း ပရိတ်သတ်အင်အား (၂၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံ သဘောတရားများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ကရင်ဘာသာသုံးမျိုးဖြင့် စတင်မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနား ကျင်းပပြုလုပ်ခြင်း

၁။      ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်းကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤကဲ့သို့ သမိုင်းဝင် လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီနောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအား ဤကြေညာ စာတမ်း၏ စာသားများကို အများပြည်သူ သိရှိနိုင်စေရေးအတွက် ဆောင်ရွက်ရန်နှင့် နိုင်ငံများ (သို့မဟုတ်) နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကို ခွဲခြားမှုမပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ကြေညာစာတမ်းကို ဖြန့်ချိဝေငှစေရန်၊  မြင်သာထင်သာအောင် ပြသထားစေရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်းလင်းစွာ ဖော်ပြစေရန် ပန်ကြားခဲ့ပါသည်။

၂။      သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ကချင်ဘာသာ၊ မွန်ဘာသာနှင့် ရှမ်းဘာသာများ သို့ ပြန်ဆို၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း အသီးသီး မိတ်ဆက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါသည်။

၃။      အလားတူ ကရင်ဘာသာသုံးမျိုးဖြစ်သည့် ပိုး အရှေ့၊ ပိုးအနောက်နှင့် စကောကရင်ဘာသာ များသို့  ပြန်ဆို၍ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားကို ယနေ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် ကြပါသည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဥက္ကဋ္ဌက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း ကရင်ဘာသာပြန် စာအုပ်များကို ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့ လည်းကောင်း၊ ကရင်တိုင်းရင်းသား ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီထံသို့ လည်းကောင်း အသီးသီးသို့ ပေးအပ်ခဲ့ကြပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းချစ်လှက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။