Workshop on Communication Strategy for the MNHRC ကျင်းပပြုလုပ်ခြင်း

လူ့အခွင့်အရေး ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် မြှင့်တင်ဆောင်ရွက်ခြင်းများ အတွက် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဗျူဟာများနှင့် မီဒီယာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါသော အခန်းကဏ္ဍကို ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ “Workshop on Communication Strategy for the MNHRC” ကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) နှင့် ဆွီဒင်နိုင်ငံမှ Raoul Wallenberg Institute (RWI) တို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပုဂ္ဂိုလ်များဖြစ်သည့် RWI မှ Communication Director Mr. Garbriel Stein နှင့် Asia-Pacific Forum (APF) မှ Expert Communications Consultant Mr. James Iliffe တို့လာရောက် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။

          အလုပ်ရုံဆွေးနွေးပွဲ၌ မီဒီယာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဗျူဟာများ၊ မီဒီယာ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါသောအခန်းကဏ္ဍများ၊ အကြပ်အတည်းနှင့် ကြုံတွေ့စဉ် ဖြေရှင်းဆောင်ရွက်ခြင်း ဆိုင်ရာနည်းလမ်းများ၊ ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ အရေးကြီးသော အချက်အလက်များ နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များ ဖြစ်သော လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များကို ပိုမိုထိရောက်စေရန် မီဒီယာ များနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ သိရှိရန်လိုအပ်သော အချက်အလက်များအား တစ်ဦးချင်း၊ အုပ်စု လိုက် လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခြင်းနှင့် လက်တွေ့အင်တာဗျူးသရုပ်ပြ လေ့ကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ၂၀၁၇ ခုနှစ် လုပ်ငန်း အစီအစဉ်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်လုပ်ငန်း အစီအစဉ်အရ လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရဲအရာရှိများမှတစ်ဆင့် ပြန့်ပွားစေရန်နှင့် ရဲလုပ်ငန်းများ ဆောင်ရွက် ရာတွင် လူ့အခွင့်အရေးများကို မထိခိုက်စေဘဲ ဥပဒေ နှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ပြုလုပ်သော မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှု အောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၃  ရက်နေ့  နံနက် ၀၉:၀၀ နာရီတွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူး ရဲမှူးကြီးလှသန်းက အမှာစကားဆက်လက် ပြောကြား ခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံသင်တန်းကို ၂ ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး  အတွင်းရှိ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များမှ ရဲမှူး၊ဒုရဲမှူးမှသည် ဒုရဲအုပ် အဆင့်အထိ ရဲအရာရှိပေါင်း (၅၀) ဦး တက်ရောက်ကြပါသည်။ အလုပ်ရုံ သင်တန်းအတွင်း လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆို ထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးစာချုပ်များ၊ ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် အကြောင်းတို့ကို ဆွေးနွေးပို့ချ သွားမည် ဖြစ်ပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အလားတူ ရဲအရာရှိများ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းတွင် ကချင်ပြည်နယ်ရဲတပ်ဖွဲမှူးရုံးကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု၊ Colarado State University မှ ကျောင်းသားကျောင်းသူများ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လေ့လာရေးခရီးလာရောက်ခြင်း ၂၀၁၇ ဖေဖော်ဝါရီ ၂၁

            အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်ကျောင်းသားကျောင်းသူ (၆၀၀) ဦးခန့် လိုက်ပါလာသည့် ကမ္ဘာတစ်ဝှမ်းသို့သင်္ဘောဖြင့်လှည့်လည်လေ့လာရင်း တက္ကသိုလ် ဘာသာရပ်များကို သင်ယူလျက်ရှိသော M.V. World Odyssey အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ Colarado State University မှ Professor Dr. William Jennings ဦးဆောင်သည့် ကျောင်းသားကျောင်းသူ (၂၉) ဦးခန့်ပါဝင်သော လေ့လာရေးအဖွဲ့ငယ်တစ်ဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လေ့လာရေးခရီးအဖြစ် လာရောက် လေ့လာခဲ့ ကြပါသည်။

          လေ့လာရေးခရီးလာရောက်ကြသည့် အမေရိကန်ပြည်ထောင်စု၊ Colarado State University မှ ကျောင်းသားကျောင်းသူများအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက တွေ့ဆုံကာ ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဆွေးနွေးပြော ကြားခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များ ကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။​

ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် မြန်မာဘာသာပြန်ကို ဖြန့်ချိသည့် အခမ်းအနား

        ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (International Covenant on Civil and Political Rights-ICCPR) ကို ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုချမှတ်ခဲ့ပြီး ယင်းသဘောတူစာချုပ်သည် ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပါ သည်။ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်ကို စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights-ICESCR) နှင့်တွဲဖက်၍ အရေးကြီးသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ (International Bill of Human Rights) အဖြစ် သတ်မှတ်ကြပါသည်။

          စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်သို့ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုသင့်ကြောင်းဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အကြံပြုတိုက်တွန်းခဲ့ပါသည်။

     ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အင်္ဂလိပ်ဘာသာမှ မြန်မာ ဘာသာသို့ ပြန်ဆိုပြီးပုံနှိပ်ဖြန့်ချိခဲ့ပါသည်။ ဘာသာပြန်ဆိုပြီးသော ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် မြန်မာဘာသာပြန် ဖြန့်ချိသည့် အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်  ၀၉:၃၀ နာရီ အချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (Function Room) ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်တိုင်း ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ AAPA (Burma) ၊ MRTV (Media) ၊ မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များမှ ကိုယ်စားလှယ် စုစုပေါင်း (၄၀) ဦး တက်ရောက်ပြီး မြန်မာဘာသာဖြင့် ပြန်ဆိုထား သော (ICCPR)  စာအုပ် (၆၀) အုပ်ကိုလည်း ကိုယ်စားလှယ်များထံသို့ ပေးအပ်ခဲ့ပါသည်။   

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် လှိုင်းဘွဲ့မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

( လှိုင်းဘွဲ့၊ ဖေဖော်ဝါရီ ၇ )

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ နှင့် ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ လှိုင်းဘွဲ့မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း  ( ၂၂၃) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ရီဝါလ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့၌ ကျင်းပခဲ့ရာ စုစုပေါင်း ( ၂၀၂) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရ များနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း၊ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများအကြောင်း တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များ အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။