အခြေအနေမဲ့ပပျောက်သူများ စီမံချက်အရ လမ်းပေါ်ရောက် ကလေးများကို ထိန်းသိမ်းထားရှိသော နာနတ်တော စခန်းသို့ ကြည့်ရှုစစ်ဆေးခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင်ရုံး ကလေးသူငယ်အခွင့် အရေးဆိုင်ရာ အရာရှိ ဦးအာကာဟိန်းစိုးနှင့် ကော်မရှင်ရုံး ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အခြေအနေမဲ့နှင့် တောင်းရမ်းသူများ ပပျောက်သူများ စီမံချက်အရ လမ်းပျော်ကလေးများကို ထိန်းသိမ်း ထားရှိသော ဟံသာဝတီ နာနတ်တောစခန်းသို့  ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့တွင်  သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။ ယင်းစီမံချက်ကို စည်ပင်သာယာရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်ရှိသည့် အဆိုပါ ကလေးသူငယ်များ၏ အသက်ရှင်ရပ်တည်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံချက်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန် အခြေအနေများကို စီမံချက်တာဝန်ခံရဲမှူးက ရှင်းလင်းပြီး အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့သည် ကလေးသူငယ်တစ်ဦးချင်းစီနှင့် သီးသန့် တွေ့ဆုံဆွေးနွေး မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။။ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကလေးသူငယ် ၁၆ ဦးအနက် ကလေးသူငယ် အများစုမှာ အတန်းပညာရေးကို ပထမတန်းမှ သတ္တမတန်းအထိ နေခဲ့ဖူးသူ များဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမှ ထွက်လာရသူများ ဖြစ်ကြောင်း သိရှိရပါသည်။ လမ်းပေါ် ရောက်ရှိ လာရခြင်း အကြောင်းအရင်း များအနက် မိထွေး၊ ပထွေးများနှင့် မနေချင်၍ အိမ်မှထွက်ခွာ လာရခြင်း သည် အများဆုံးဖြစ်ကြောင်း ကလေးများကို မေးမြန်းချက်များအရ သိရှိရပါသည်။ ယင်းကလေး များသည် လမ်းပေါ်တွင် သွားလာကြပြီး ပလပ်စတစ်ဘူးခွံကောက်ခြင်း၊ အချို့ကလေး များသည် ပစ္စည်းများကို အလစ်သုတ်ခြင်း၊ ဖုန်းများကို ခိုးယူခြင်းများကို ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။ ကလေးများအနက် အချို့ကော်ရှုသည့် အလေ့အထရှိခဲ့သည်ကို သိရှိခဲ့ ရပါသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသော ကလေးသူငယ်များကို မိဘ အုပ်ထိန်းသူနှင့် ပြန်လည် ဆက်သွယ်ပေးမှုများကို ဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူမရှိသော ကလေးသူငယ်များကို လူမှု ဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းအသီးသီးသို့ လွှဲပြောင်း ပေးအပ်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

ထိန်းသိမ်းထားရှိသော ကလေးသူငယ်များအနေဖြင့် လမ်းပေါ်တွင် ပျော်နေကြသူများ ဖြစ်သကဲ့သို့ အချို့မှာ မိသားစု အခက်အခဲ၊ မိသားစုနှင့် အဆင်မပြေမှု များကြောင့် လမ်းပေါ်သို့ ရောက်ရှိ လာကြသူများဖြစ်ကြပါသည်။ ကလေးများအနေဖြင့် ငယ်စဉ်ကတည်းက ရရှိသင့်သည့် အခွင့်အရေး များကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆုံးရှုံးခဲ့ကြသူများ ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့်  အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ကုစားမှု၊ ကလေးသူငယ်များ၏ ရှေ့ဆက်ဖွံ့ဖြိုး တိုးတက်မှုများကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ စီမံချက်အနေဖြင့် ကလေးသူငယ်များကို ခေတ္တထိန်းသိမ်းထားရှိရာ နေရာတစ်ခုသာ ဖြစ်သော်လည်း ရောက်ရှိ နေစဉ်ကာလအတွင်း ကလေးသူငယ်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းအားဖြင့် အခြားဆက်စပ် အခွင့်အရေးများကိုလည်း ရရှိ ခံစား လာနိုင် မည်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အနေဖြင့် လက်ရှိစနစ်သည် လမ်းပေါ် ကလေးများအား ကာကွယ်စောင့်ရှောက်ရေးအတွက် စနစ်ကျနသော နည်းလမ်းတစ်ရပ် ဖြစ်ပါသဖြင့် လက်ရှိလုပ်ငန်း စနစ်ကို ပိုမို တိုးတက် ကောင်းမွန်စေရေး ဆောင်ရွက်သင့်ပါသည်။

ကလေးသူငယ်များသည် မည်သည့်အခြေအနေတွင် ရောက်ရှိ ဖြတ်သန်းနေသည်ဖြစ်စေ ၎င်းတို့၏ မွေးရာပါ ရရှိခံစားခွင့်ရှိသော အခွင့်အရေးများ မဆုံးရှုံး စေသင့်သောကြောင့် နိုင်ငံတော်နှင့် အဖွဲ့အစည်းအသီးသီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိနေပါသည်။