အာဆီယံ- ဥရောပလူ့အခွင့်အရေးဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်ခြင်း

          အာဆီယံဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များနှင့် ဥရောပအဖွဲ့အစည်းများအကြား ကျင်းပသည့် လူ့အခွင့်အရေး ဆွေးနွေးပွဲများကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့နှင့် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တို့တွင် ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေပါဝင်တက်ရောက်ခဲ့သည်။

          ဥရောပသမဂ္ဂနှင့် ဥရောပပါလီမန်အပါအဝင် ဥရောပအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် အာဆီယံဒေသ တွင်းရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အသီးသီးမှ ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ၏ လူ့အခွင့်အ​ရေးစနစ်၊ အာရှ-ဥရောပဆက်ဆံရေးတွင် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာမူဝါဒများ၊ ဥရောပသမဂ္ဂနှင့် အာဆီယံဆက်ဆံရေးကိစ္စရပ်များ၊ အာဆီယံ၏ လူ့အခွင့်အရေးကဏ္ဍတွင် ဥရောပသမဂ္ဂ၏ ပံ့ပိုးဆောင်ရွက်မှုများ၊ ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး မူဝါဒတွင် လူ့အခွင့်အရေးအလေးထားမှုကိစ္စရပ်များ၊ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဆိုင်ရာ ဥရောပကွန်ယက်အဖွဲ့၏ ဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များစသည်တို့ကိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြသည်။

          နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပါအဝင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်​ဆောင်ရွက်ရာတွင် ပြည်သူများ၏လူ့အခွင့်အရေး မထိပါးစေရေး အတွက် ကုလသမဂ္ဂကချမှတ်ထားသည့် “ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေး” ဘာသာရပ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ဘရပ်ဆဲလ်မြို့နှင့် ဘာလင်မြို့တို့တွင် ကျင်းပဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အသီးသီး၏ကိုယ်စားလှယ်များသည်  ဂျာမနီနိုင်ငံ၊  ဘာလင်မြို့ ၌ ရှိစဉ် ကုလသမဂ္ဂက ကမကထပြု၍ဖွဲ့စည်းထားသည့်“အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များဆိုင်ရာကမ္ဘာ့အဖွဲ့ကြီး”၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ဂျာမနီနိုင်ငံအမျိုးသား လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ Professor Dr. Beate Rudolf နှင့် တွေ့ဆုံကာ ကမ္ဘာ့အဖွဲ့ကြီးက ချမှတ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် အရှေ့တောင်အာရှဒေသတွင်းရှိ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် လူ့အခွင့်အရေးကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်အတွင်း နေပြည်တော်ရှိ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် လူ့အခွင့်အရေးကြောင်းသိကောင်းစရာ ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။

ယခု ၂၀၁၇ ခုနှစ်အတွင်းတွင်လည်း ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအသီးသီးရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် လူ့အခွင့်အရေးကို ပိုမိုသိရှိ နားလည်လာပြီးလူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များ အပေါ်လေးစားမှုကို ပိုမိုခိုင်မာလာစေရန်နှင့် လောကပါလတရားနှင့် ဗြဟ္မာစိုရ်တရား ထွန်းကားပြီး လူ့အခွင့်အရေး စံနှုန်းများ မြင့်မားသော လူ့ဘောင်ပေါ်ထွန်းလာရန်အတွက် နိုင်ငံသားတိုင်း လူ့အခွင့်အရေးများ လေးစားလိုက်နာ ကျင့်သုံး တတ်စေရန်တို့ကိုရည်ရွယ်၍ လူ့အခွင့်အရေးကြောင်းသိကောင်းစရာများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။ ၁၂-၆-၂၀၁၇ ရက်နေ့တွင် ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့က ဝန်ကြီးဌာနနှင့် ကော်မရှင်  ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ၁၃-၆-၂၀၁၇ ရက်နေ့တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကော်မရှင်  ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဟောပြော ဆွေးနွေးပွဲများတွင် လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။

ကော်မရှင်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ဟောပြော ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP) ရုံး၌ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သောအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများတွေ့ဆုံခြင်း

၁။      ၂၀၁၇ ခုနှစ်၊ ဇွန်လ ၆ ရက်၊ နေ့လည် ၁:၄၀ နာရီချိန်မှ ၂:၂၅ နာရီချိန်ထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည် နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ ဦးဆောင်သောလေ့လာရေးအဖွဲ့သည် နိုင်ငံရေး အကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖိတ်ကြားချက်အရ ရုံးတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက်၍ အသင်း၏သမိုင်းကြောင်းနှင့်ဖွဲ့စည်းပုံ၊အသင်းမှ နိုင်ငံရေး အကျဉ်းသား၏ အဓိပ္ပါယ်ဖွင့်ဆိုထားရှိမှု၊ လုပ်ငန်းစဉ်၊ မျှော်မှန်းချက်၊ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှု၊ နိုင်ငံရေးအကျဉ်းသားများရှိသည့် အကျဉ်းထောင်များ၏လက်ရှိအခြေအနေများ အား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

၂။      ဆွေးနွေးချက်အရ လူ့အခွင့်အရေးဆိုင်ရာသင်တန်း၊ စိတ်ပိုင်းဆိုင်ရာပြန်လည် မြှင့်တင်ခြင်း ဆိုင်ရာသင်တန်းများပို့ချမှုတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကျဉ်းထောင်လက်စွဲဥပဒေအား ခေတ်နှင့် အညီပြောင်းလဲပြုပြင်ရေး၊ အကျဉ်းထောင်နှင့်ပတ်သက်၍ Workshop ပြုလုပ်ရေးများအား ညှိနှိုင်း ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ    ၇    ရက်