ကုလသမဂ္ဂ၏မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လာရောက်တွေ့ဆုံခြင်း

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀)နာရီအထိ အမှတ်(၂၇)၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်သို့ လာရောက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌ က ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များနှင့် သြစတြေးလျနိုင်ငံ လွှတ်တော်အမတ်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် သြစတြေးလျနိုင်ငံ လွှတ်တော်အမတ် များပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် မြို့ရှိ Melia ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် အဖွဲ့ဝင် ဦးခင်မောင်လေးတို့ တက်ရောက်ခဲ့ပြီး သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွင် သြစတြေးလျနိုင်ငံ လွှတ်တော်အမတ်များဖြစ်ကြသည့် The Hon. Kevin James Andrews, Mr. Kenneth Desmond O’Dowd, Ms. Catherine Elizabeth O’Toole, Senator Kimberley Jane Kitching နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ဆောင်ရွက်နေမှု များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ လွှတ်တော်ဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်ခြင်း

မြန်မာလွှတ်တော်နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များအတွက် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က လွှတ်တော်သဘင်ဆောင်၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် ဒေါက်တာမြင့်ကြည်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေသည် ဆွေးနွေးပွဲ အစီအစဉ်အရ Panel ဆွေးနွေးပွဲ၌ ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ဖြေကြားခြင်း၊ ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားချက်များကို သုံးသပ်တင်ပြခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ASEAN CSR Network မှ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး

ASEAN CSR Network Ltd မှ Chief Executive Officer ဖြစ်သူ Mr. Thomas Thomas နှင့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)  မှ Joint Secretary General ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်တို့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ (၁၃:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ လာရောက်ကာ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး နှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          ကိုယ်စားလှယ်များအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဦးခင်မောင်လေးတို့က လက်ခံတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်အတွက် နှစ်ဘက်ပူးပေါင်းညှိနှိုင်းမှုများပြုလုပ်ဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ပါသည်။