ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ပူတာအိုနှင့် မချမ်းဘောမြို့များတွင် လူ့အခွင့်အရေ:အကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

      ပြည်သူလူထုအတွင်း လူအခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်ရည်ရွယ်၍  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့က လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကချင်ပြည် နယ် ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဂူဘားခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  တပ်မတော် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၁၅၃) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

         အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ပူတာအိုမြို့ မြို့နယ်၊ ထဝမ်ရာဇီခန်းမ၌ ယင်းနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင်  ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  တပ်မတော် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၀၁) ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ကြပါသည်။

“ရခိုင်ပြည်နယ်အရေးကိစ္စ၊ စိန်ခေါ်မှုများနှင့် ရှေ့အလားအလာများ ဆွေးနွေးပွဲ” ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် လွတ်လပ်မှု အခြေခံဖြင့် အမြင်ချင်းဖလှယ်ခြင်းအားဖြင့် နိုင်ငံတော်က ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်း ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ “ရခိုင်ပြည်နယ်အရေးကိစ္စ၊ စိန်ခေါ်မှု များနှင့် ရှေ့အလားအလာများ ဆွေးနွေးပွဲ” ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၊ ပြည်တွင်း NGOs ကိုယ်စား လှယ်များနှင့် စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဤသို့ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များက ဘာသာရပ်ခေါင်းစဉ်အသီးသီးတွင် ပါဝင်ဆွေးနွေးခြင်းဖြင့် ရခိုင် ပြည်နယ်အရေးကိစ္စအတွက် အဖြေရှာရာတွင် ပိုမိုပြည့်စုံစွာ သိရှိနားလည်ခွင့်နှင့် အကြံဉာဏ် ကောင်းများ ရရှိရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ သည်။

ထို့နောက် ဆွေးနွေးပွဲ ပထမပိုင်းအဖြစ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ညှိနှိုင်းဆွေးနွေးရေးမှူးအဖြစ် ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့၏ ရခိုင်ပြည်နယ်တွင် ၂၄.၉.၂၀၁၇ ရက်နေ့မှ ၂၉.၉.၂၀၁၇ ရက်နေ့ အထိ သွားရောက် ကြည့်ရှု လေ့လာတွေ့ရှိချက်များကို လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းကရခိုင်ပြည်နယ်အရေးကိစ္စနှင့်သတင်းမီဒီယာ၏အခန်းကဏ္ဍတို့ကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်ကြသူများ က မေးခွန်းမေးမြန်းခြင်း၊ သုံးသပ်ခြင်းနှင့် အကြံပြု ခြင်းတို့ ပြုလုပ်ကြပါသည်။

 ဆွေးနွေးပွဲဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ပြည်ပဆက်ဆံရေးအပေါ် ရခိုင်ပြည်နယ်အရေးကိစ္စ၏ သက်ရောက်မှုများ နှင့်ပတ်သက်၍ဆွေးနွေးကြရာတွင် ညှိနှိုင်း ဆွေးနွေးရေးမှူးအဖြစ် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဆောင်ရွက်ပြီး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ ဆက်ဆံရေးကို လည်းကောင်း၊ နိုင်ငံတကာရေးရာသုတေသီ ဦးကိုကိုလှိုင်က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားနိုင်ငံများနှင့်ဆက်ဆံရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဘလှအေးက  မြန်မာနိုင်ငံနှင့် အာဆီယံ/ ဥရောပသမဂ္ဂဆက်ဆံရေး ကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်ကြ သူများက မေးခွန်းမေးမြန်းခြင်း၊ သုံးသပ်ခြင်းနှင့် အကြံပြုခြင်းတို့ ပြုလုပ်ကြပါသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ခြုံငုံသုံးသပ်ဆွေးနွေးကြပြီး အဆိုပါ ဆွေးနွေးသုံးသပ်အကြုံပြုချက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။