မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် Democracy Reporting International (DRI) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Democracy Reporting International (DRI) တို့သည် လူ့အခွင့်အရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးကြသည်။

          အဆိုပါနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် Democracy Reporting International (DRI) မှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Ms. Eva Gil တို့က လက်မှတ်ရေးထိုးကြပြီး လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဆွေ၊ ဒေါက်တာ မြင့်ကြည်၊ ဦးခင်မောင်လေး၊ ဦးစိုးဘုန်းမြင့် နှင့် Democracy Reporting International မှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Ms. Eva Gil နှင့် Mr. Thibaut တို့ တက်ရောက်ကြသည်။

          နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၁) ရေးဆွဲခြင်း၊ လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်းနှင့် ပြည်သူ့ရေးရာ နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) စွမ်းဆောင်ရည် မြှင့်တင်ခြင်း တို့နှင့်စပ်လျဉ်း၍ ကော်မရှင်အား DRI မှ နည်းပညာပံ့ပိုးပေးရေးတို့ အပါအဝင် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ပါဝင်သည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့တွင် အစည်းအဝေးတက်ရောက်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးညွန့်ဆွေ တို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI) ၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

၂။      အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမကထပြု၍ ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်အဖွဲ့အစည်းပေါင်း ၁၁၇ ဖွဲ့ရှိသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဆိုပါအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

၃။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် GANHRI ၏ နှစ်ပတ်လည်အစည်းအဝေးအပြင် သက်ကြီးရွယ်အိုများ အခွင့်အရေးနှင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏ အခန်းကဏ္ဍ အသိပညာဖလှယ်မှု ဆွေးနွေးပွဲသို့လည်းကောင်း၊ GANHRI နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသည့် မသန်စွမ်းသူများ အခွင့်အရေးနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲသို့လည်း ကောင်း၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of NHRIs – APF) အစည်းအဝေးသို့ လည်းကောင်း၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) အဖွဲ့ဝင်များနှင့် ဂျီနီဗာမြို့ အခြေစိုက် ညှင်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (Association for the Prevention of Torture) ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည့် အစည်းအဝေးသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်အတွင်းရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ အတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ခရိုင်အဆင့် အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို မိတ္ထီလာမြို့နယ်၊  Hotel Htilar Lake View ခန်းမတွင် ၂ ရက်ကြာ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံသင်တန်း သို့ ခရိုင်အဆင့် အစိုးရ အရာထမ်း ၅၀ ဦးတက်ရောက်ခဲ့ပါသည်။

          အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေး သူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၀ ဦး တက်ရောက် ခဲ့ကြပါသည်။

          ဆက်လက်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပခဲ့ရာ မိတ္ထီလာအတွင်းရှိ NGO များ၊ CSO များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသား ၄၉ ဦး တက်ရောက်ခဲ့ကြ ပါသည်။

          သင်တန်းများတွင် လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကြီးများ၊ လူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်းနိုင် သည့် ယန္တရားများ စသည့် ဘာသာရပ် များကို ဆွေးနွေးပို့ချခဲ့ပါသည်။

          သင်တန်းများအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် ဥပဒေဆိုင်ရာ အကြောင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ဖြစ်သော NCRWG မှလည်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ပြည်သူ့တာဝန်များ အကြောင်းတို့ကိုလည်း ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းစဉ် အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အလုပ်ရုံသင်တန်း နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များအတွက်  လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပါသည်။