မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့တွင် အစည်းအဝေးတက်ရောက်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးညွန့်ဆွေ တို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI) ၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

၂။      အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမကထပြု၍ ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်အဖွဲ့အစည်းပေါင်း ၁၁၇ ဖွဲ့ရှိသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဆိုပါအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

၃။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် GANHRI ၏ နှစ်ပတ်လည်အစည်းအဝေးအပြင် သက်ကြီးရွယ်အိုများ အခွင့်အရေးနှင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏ အခန်းကဏ္ဍ အသိပညာဖလှယ်မှု ဆွေးနွေးပွဲသို့လည်းကောင်း၊ GANHRI နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသည့် မသန်စွမ်းသူများ အခွင့်အရေးနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲသို့လည်း ကောင်း၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of NHRIs – APF) အစည်းအဝေးသို့ လည်းကောင်း၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) အဖွဲ့ဝင်များနှင့် ဂျီနီဗာမြို့ အခြေစိုက် ညှင်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (Association for the Prevention of Torture) ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည့် အစည်းအဝေးသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်