ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခြင်း

၁။      ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂါတ်များဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ၁၉၉၃ ခုနှစ် ကတည်းကပင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို အတည်ပြု ချုပ်ဆိုထားခဲ့ပြီးဖြစ်ပါသည်။ ငယ်စဉ်မှစတင်၍ ကလေးသူငယ်အခွင့်အရေးကို အပြည့်အဝ မခံစားခဲ့ရသည့် ကလေးများအနေဖြင့် လိုအပ်ချက် များစွာဖြင့် ကြီးပြင်းခဲ့ကြရပြီး ပြစ်မှုအမျိုးမျိုးကို ကျူးလွန်မိတတ်သွားကြပါသည်။ အဆိုပါ ကလေးသူငယ်များ၏ အနာဂါတ်ဘဝ သာယာ ဖြောင့်ဖြူးရေးအတွက် ပြန်လည်ပဲ့ပြင် ထိန်းကျောင်း ပေးရမည့် လူငယ်သင်တန်းကျောင်းများသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ပင်ဖြစ်ပါသည်။ လူငယ်သင်တန်းကျောင်းများတွင် သင်ကြားပေးသည့် ပညာရပ်များ၊ ပဲ့ပြင်ထိန်းကျောင်းမှု၊ စာရိတ္တပြုပြင်ပေးမှုများသည် ကလေးသူငယ်များ၏ အနာဂါတ် ဘဝအတွက်များစွာ အထောက်အကူ ပြုသင့်လှပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့်လည်း ကလေးသူငယ်အခွင့်အရေးနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ကော်မရှင် ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများကို ကြည့်ရှု စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်၍ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး (Child Desk) နှင့် ကော်မရှင်ရုံး အဖွဲ့သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (င) အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်းသို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သွားရောက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ကလေးသူငယ်ဥပဒေပါ အခွင့်အရေး များနှင့် စပ်လျဉ်းပြီး သင်တန်းကျောင်းမှ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု ဆန်းစစ်မှု များဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့နှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းမာ လိုက်ပါခဲ့ပါသည်။

၃။      ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် ပြစ်မှုကျူးလွန်ထားသည့် ကလေးသူငယ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လွှဲပြောင်းလာ သည့် လမ်းပျော်ကလေး သူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ထားရှိရာ ပြစ်မှုကျူးလွန်ထားသည့် ကလေးများအနက် လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနှင့် မူးယစ်ဆေးဝါးအမှုများဖြင့် ရောက်ရှိသူ ကလေး သူငယ်များ တိုးပွားလာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ အဆိုပါ ကလေးသူငယ်များ ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ စိတ်နှင့် ခံစားမှုများ ဆန်းစစ်ခြင်းနှင့် စာရိတ္တပြုပြင်တိုးတက်မှု များကို ဆန်းစစ်လေ့လာခြင်းများကိုပါ ဆောင်ရွက်နိုင်ရေး အတွက် ကြည့်ရှုစစ်ဆေးမှု ခရီးစဉ်အတွင်း မြန်မာနိုင်ငံ စိတ်ပညာရှင်များ အသင်းမှ ဦးအုန်းလှိုင်နှင့် ဒေါက်တာ သန်းချစ်တို့ကို ဖိတ်ကြား၍ စိတ်ပညာရှုထောင့်မှ စစ်ဆေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ပါသည်။

၄။      စစ်ဆေးတွေ့ရှိမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြံပြု တိုက်တွန်းချက် Recommendation များနှင့် အတူ ပေးပို့သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း များတွင်လူ့အခွင့်အရေးဆိုင်ရာသင်ခန်းစာများပို့ချခြင်း

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားများကို        ပြည်သူလူထုနှင့်အစိုးရ တာဝန်ရှိသူ အဖွဲ့အစည်းအတွင်း  နားလည်လက်ခံ ကျင့်သုံးနိုင်စေရေးအတွက် လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ၊ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်မတော်(ကြည်း)တိုက်ခိုက်ရေး ကျောင်းများတွင် ဖွင့်လှစ်လျှက်ရှိသော သင်တန်းများ၌လည်း တပ်မတော် အရာရှိများ အတွက် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။      ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်သည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)တွင် ဖွင့်လှစ်လျှက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း၊ သင်တန်းသား အရာရှိများအား ၂၉-၃-၂၀၁၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင် သံတောင်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ ၊ ခရစ်တော်ကိုမြှော်လင့်သော သတ္တမနေ့ အသင်းတော် ဆုတောင်းခန်းမ၌ လည်းကောင်း၊ ခြေလျင် တပ်ရင်းမှူးသင်တန်း၊ သင်တန်းသား အရာရှိများအား     ၃၀-၃-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ခြေလျင် တပ်ရင်းမှူး သင်တန်းခန်းမ၌လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို ပို့ချဆွေးနွေးခဲ့ပါသည်။

၃။      ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း( ဗထူး) တွင်ဖွင့်လှစ်လျှက်ရှိသောခြေလျင်တပ်ခွဲမှူးသင်တန်း၊ သင်တန်းသားအရာရှိများအား ၂၉-၃-၂၀၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်းကောင်း၊ ခြေလျင်တပ်ရင်းမှူးသင်တန်း၊ သင်တန်းသား အရာရှိများ အား ၃၀-၃-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် လည်းကောင်း သက်ဆိုင်ရာသင်တန်းခန်းမများတွင် လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်များကို ပို့ချခဲ့ပါသည်။

၄။      သင်တန်းသားအရာရှိများသည် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြပြီး သင်တန်းသားအရာရှိများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှ အသီးသီးဖြေကြားခဲ့ပါသည်။