ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒိုက်ဦးမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့နှင့်နှင့် ဖြူးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်နှင် တောင်ငူခရိုင်ရှိ မြို့နယ်များတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကော်မရှင်အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပဲခူးခရိုင် ဒိုက်ဦး မြို့နယ်၊ ကောလိယခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၅၃) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ ကော်မရှင် အဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် ရွှေကျင်မြို့ မြို့နယ်စည်ပင်သာယာခန်းမ၌ အလားတူ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ ရွှေကျင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၄၄၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်း တွင် တောင်ငူခရိုင် ကျောက်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း အင်အား (၂၂၀) ဦး နှင့် မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုစုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများနှင့် သိကောင်းစရာများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ စားကျက်မြေနှင့် ပတ်သက်သည့်ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့်ကိစ္စ၊ တရားရုံးတွင် ကြားနာဆဲ၊ အယူခံဝင်ဆဲအမှုများစသည့် ကိစ္စရပ်များကို မေးမြန်းရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့က ပြန်လည် ဖြေကြားခဲ့ကြပါသည်။

 

Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍ Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်ရှိ၊ Hotel Max တွင် ကျင်းပခဲ့သည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာန များနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ The Lutheran World Federation (Myanmar) မှ Program Coordinator နှင့် ဝန်ထမ်းများ စသည်ဖြင့် စုစုပေါင်း (၅၀) ဦးတက်ရောက်ကြသည်။

            ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အလုပ်ရုံဆွေးနွေးပွဲ၌ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် UPR လုပ်ငန်းအစဉ်အရ နိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေနှင့် စပ်လျဉ်း၍ တတိယအကျော့အဖြစ် သုံးသပ်မှုခံယူရမည် ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခုအလုပ်ရုံဆွေးနွေပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊  UPR ဒုတိယအကျော့သုံးသပ်မှုခံယူခဲ့ စဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်မှု များကို ဆွေးနွေးညှိနှိုင်းရန်အတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် တက်တက် ကြွကြွပါဝင်ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် The Lutheran World Federation (Myanmar) မှ Program Coordinator Ms. Mariolein Coren က အဖွင့်အမှာစကား ပြောကြားရာတွင် UPR အကြံပြုတိုက်တွန်းချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် အချက်များ၊ မြန်မာနိုင်ငံတွင် LWF ၏ ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားပါသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အရ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက UPR နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ အကြံပြုတိုက်တွန်းချက်များ ခေါင်းစဉ် ဖြင့်လည်းကောင်းဆွေးနွေးတင်ပြပြီး LWF မှ Deputy Program Manager ဦးစံသိန်းမောင်က UPR နှင့် ဆက်စပ် သည့်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက UPR လုပ်ငန်းစဉ်နှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။

            ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကို အဖွဲ့ငယ်များခွဲ၍ မြန်မာနိုင်ငံက လက်ခံခဲ့သည့် UPR အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မည်သည့်ဌာန/ အဖွဲ့အစည်းများက မည်ကဲ့သို့ အကောင် အထည်ဖေါ်ဆောင်ရွက်သင့်သည်ကို အလွတ်သဘော ဆွေးနွေးကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ကယားဘာသာဖြင့် စတင်မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနား ကျင်းပပြုလုပ်ခြင်း

၁။      ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်းကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤကဲ့သို့ သမိုင်းဝင် လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအား ဤကြေညာစာတမ်း၏ စာသားများကို အများပြည်သူ သိရှိနိုင်စေရေးအတွက် ဆောင်ရွက် ရန်နှင့် နိုင်ငံများ (သို့မဟုတ်) နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို ခွဲခြားမှုမပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ကြေညာစာတမ်းကို ဖြန့်ချိဝေငှစေရန်၊  မြင်သာထင်သာအောင် ပြသထားစေရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်းလင်းစွာ ဖော်ပြစေရန် ပန်ကြားခဲ့ပါသည်။

၂။      သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ကချင်ဘာသာ၊ မွန်ဘာသာနှင့် ရှမ်းဘာသာများသို့ ပြန်ဆို၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း၊ ကရင် သာသာသုံးမျိုးဖြစ်သည့် ပိုး(အရှေ့)၊ ပိုး (အနောက်)၊ စကောဘာသာများသို့ ပြန်ဆို၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် လည်းကောင်း အသီးသီး မိတ်ဆက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါသည်။

၃။      အလားတူ ကယားဘာသာသို့  ပြန်ဆို၍ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် ဖိတ်ကြားထားသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် များတက်ရောက်ကြပါသည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့် နှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဥက္ကဋ္ဌက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ကယားဘာသာပြန် စာအုပ်များ ကို ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးထံသို့ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (ကယားဘာသာ) အစီအစဉ်မှ ဦးတျားရုအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများ ကျင်းပ

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဦးညွန့်တင်တို့ ပါဝင်သော ကော်မရှင် အဖွဲ့သည် ခရိုင်အဆင့် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ရာ ခရိုင်အဆင့် အစိုးရအရာထမ်း ၅၁ ဦး တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံ သင်တန်းကို ၂၀၁၈ ခုနှစ်၊ မေလ  ၂၈  ရက် နေ့ နံနက် ၉ : ၀၀ နာရီတွင် ကော့သောင်းမြို့ Garden ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ အလုပ်ရုံသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင်များက လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အလုပ်ရုံသင်တန်းကို မေလ ၂၉ ရက်နေ့အထိ နှစ်ရက် ကြာ ကျင်းပပြုလုပ်ခဲ့သည်။

  အလားတူ ကော်မရှင်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို မေလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်နှင့် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၆ ဦး တက်ရောက်ခဲ့ကြသည်။ ထို့အပြင် မေလ ၃၁ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ ကော့သောင်းမြို့ရှိ NGO / CSO  အဖွဲ့ ဝင်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်း ၄၈ ဦး တက်ရောက်ခဲ့ ကြသည်။

   အလုပ်ရုံသင်တန်းနှင့် ဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေး ဆိုင်ရာ အဓိကသဘောတူစာချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်းမှုယန္တရား စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းများအတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော NCRWG မှလည်း ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများ၊ လူ့အခွင့်အရေးနှင့် ပြည်သူ့တာဝန်များအကြောင်းတို့ကို ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ ပါသည်။

  အလုပ်ရုံသင်တန်း ပါဝင်တက်ရောက်သူများက လူ့အခွင့်အရေး အသိပညာ တိုးပွားစေပြီး ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့လုပ်ငန်းများကို အထောက်အကူဖြစ်စေသဖြင့် အလွန်အဖိုးထိုက်တန် သောသင်တန်းဖြစ်ကြောင်း တင်ပြချက်များအရ ကော်မရှင်အနေဖြင့် ယခုကဲ့သို့ သော လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆက်လက်ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများတွေ့ဆုံ၍ မသန်စွမ်းသူများအသင်းအဖွဲ့များကကုလသမဂ္ဂသို့ တင်သွင်းသောအစီရင်ခံစာအားရှင်းလင်းဆွေးနွေးခြင်း

၁။      မြန်မာနိုင်ငံသည် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ စာချုပ်ပါ အခွင့်အရေးများနှင့် စပ်လျဉ်း၍ နိုင်ငံတော် အနေဖြင့် ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကော်မတီသို့ အစီရင်ခံစာရေးသားတင်သွင်းခဲ့ပါသည်။ မသန်စွမ်းသူများအနေဖြင့်လည်းယင်းတို့၏ အခွင့်အရေးနှင့် စပ်လျဉ်း၍ မသန်စွမ်းသူများကိုယ်တိုင် လေ့လာဆန်းစစ်မှုများဆောင်ရွက်၍ ဥပဒေနှင့်မူဝါဒများ၊ သတင်း အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ အသိပညာပေးမှုများ၊ လက်လှမ်းမီရယူသုံးစွဲမှုများ၊တရားမျှတမှုများနှင့် ဥပဒေ အကျိုးခံစားခွင့်များနှင့် စပ်လျဉ်းပြီးထင်ဟပ်နှိုင်းယှဉ်သည့် အစီရင်ခံစာအားတင်သွင်းခဲ့ကြပါသည်။

၂။      အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သို့ ရှင်းလင်းဆွေးနွေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ရာဦးစစ်မြိုင် နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဦးမိုးဇင်၊ အထွေထွေအတွင်းရေးမှူးဦးမြတ်သူဝင်းနှင့် အဖွဲ့ဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်မှ တာဝန်ရှိသူများကအစီရင်ခံစာရေးသားပြင်ဆင်ခဲ့မှုနှင့် အဓိကတွေ့ရှိချက်များ၊ အစီရင်ခံစာပါ ထောက်ခံအကြံပြုချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီးကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များကအကြံပြုဆွေးနွေးမှုများ၊ ကော်မရှင် ကဆောင်ရွက်လျက်ရှိသောမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဆောင်ရွက်ချက်၊ အကြံပြုတိုက်တွန်းချက်များနှင့််စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မသန်စွမ်းသူများအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကိုထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

DSC04115 DSC04131 DSC04121 DSC04118 DSC04117