ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီမြို့၊ တိုက်ကြီးမြို့၊ နှင့် လှည်းကူးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

          မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားများကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိမှော်ဘီမြို့၊ တိုက်ကြီးမြို့၊ နှင့် လှည်းကူးမြို့များတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကော်မရှင်အဖွဲ့သည် ဇူလိုင် ၂၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုက်ကြီးမြို့၊ ဂျိုးဖြူခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူ လူထုများ စုစုပေါင်းအင်အား (၂၂၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး၊ အလားတူ ရှင်းလင်းဆွေးနွေးပွဲကို မှော်ဘီမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆက်လက် ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူ လူထုများ စုစုပေါင်းအင်အား (၂၀၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

အလားတူ ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်နေ့ လှည်းကူးမြို့ မြို့မစျေးမင်္ဂလာခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၃၅၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများနှင့်သိကောင်းစရာများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး ကကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ဒုတိယညွှန်ကြားရေးမှူးဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြပါသည်။

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခြင်း

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လက်ရှိ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် ကော်မရှင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေး၌ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ ဖိုရမ်နှင့် Raoul Wallenberg Institute (RWI)၊ Association for the Prevention of Torture (APT) တို့နှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ၂၀၁၈ ခုနှစ် ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရန် ကိစ္စရပ်များ၊ ကမ္ဘာ့ လူ့အခွင့် အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ဖိုရမ်၏ အထူးအစီအစဉ်တစ်ရပ် ကျင်းပရန် ကိစ္စရပ်များနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

သြစတြေးလျနိုင်ငံ၊ Monash University မှ ကျောင်းသားကျောင်းသူများ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လေ့လာရေးခရီးလာရောက်ခြင်း

သြစတြေးလျနိုင်ငံ၊ Monash University မှ ပြစ်မှုဗေဒဘာသာရပ်ဆိုင်ရာ Senior Lecturer ဖြစ်သူ Dr. Lennon Yao-Chung Chang ဦးဆောင်သော ကျောင်းသားကျောင်းသူ (၂၀) ဦးသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လာရောက်လေ့လာခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က တွေ့ဆုံ ကြိုဆိုခဲ့ကြသည်။

          ယင်းသို့ တွေ့ဆုံရာတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေနှင့် ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်ရေး ဆောင်ရွက်ချက်များကို လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က Criminal Practices in Myanmar နှင့် စပ်လျဉ်း၍ လည်းကောင်း Monash University မှ ကျောင်းသားကျောင်းသူ များအား ရှင်းလင်း ပြောကြားခဲ့သည်။

          ထို့နောက် Monash University  မှ ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိအစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်း၊ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ခရိုင်အဆင့် အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ပခုက္ကူ မြို့နယ်၊ ပြည်သာယာ ခန်းမတွင် ၂ရက်ကြာ ကျင်းပြုလုပ်ခဲ့ရာအဆိုပါ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့်အစိုးရအရာထမ်း ၄၇ ဦး တက်ရောက်ခဲ့ပါသည်။

         အလားတူ ဇွန်လ၂၇ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ကျင်းပ ပြုလုပ်ခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၆ ဦး တက်ရောက်ခဲ့ကြပါသည်။

         ဆက်လက်ပြီး ဇွန်လ၂၈ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ပခုက္ကူအတွင်းရှိ NGO များ၊ CSO များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသား ၄၉ ဦး တက်ရောက်ခဲ့ကြပါသည်။

         သင်တန်းများတွင် လူ့အခွင့်အရေးအခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ကြီးများ၊ လူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်းနိုင်သည့်ယန္တရားများစသည့် ဘာသာရပ်များကိုဆွေးနွေးပို့ချခဲ့ပါသည်။

   သင်တန်းများအတွင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် ဥပဒေဆိုင်ရာအကြောင်းနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖြစ်သော NCRWG မှလည်းကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ပြည်သူ့တာဝန်များအကြောင်း တို့ကိုလည်း ပါဝင် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းစဉ် အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်။