မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးတွဲကျင်းပသည့် “စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ” (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်) Park Royal Hotel, နေပြည်တော် ကော်မရှင်ဥက္ကဋ္ဌ၏ ကြိုဆိုနှုတ်ခွန်းဆက်စကား

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ပူးတွဲကျင်းပတဲ့ စီးပွားရေးလုပ်ငန်းနှင့်လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲမှာ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုပါတယ်။

          ယနေ့ ဆွေးနွေးပွဲကို တက်ရောက်လာကြသော ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်များ အားလုံးကို “မင်္ဂလာပါ” လို့ နှုတ်ခွန်းဆက်သပါတယ်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

          မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို  ထူထောင်နေရာတွင် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လျက်ရှိပါတယ်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်သလို၊ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေများနဲ့အညီ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနဲ့အညီ ဆောင်ရွက်ရန်လည်း လိုအပ်ပါတယ်။နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု အရေးကြီးသလို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပြည်သူတို့ရဲ့ လူ့အခွင့်အရေးကို မထိခိုက်စေရန် အထူးပင် အရေးကြီးပါတယ်။

          နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ အလုပ်သဘော သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း ခေါင်းစဉ်ဖြင့် ၂၁-၈-၂၀၁၈ ရက်နေ့တွင် ဟောပြောဆွေးနွေးရာတွင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားရာ၌ မြန်မာနိုင်ငံကို စီးပွားရေးလုပ်ရန် အဆင်ပြေသော၊ ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေလုံခြုံမှုရှိပြီး ၄င်းတို့၏အကျိုးစီးပွားများမှာ မိမိတို့ ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်နှင့် သင့်မြတ်စွာ ပေါင်းစပ်နိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လိုကြောင်း၊ ကောင်းမွန် သော အုပ်ချုပ်ရေးနှင့် အကောင်းဆုံးသော စီးပွားရေးလုပ်ငန်း အလေ့အထများကို မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဥပဒေများကို စနစ်တကျ ပြင်ဆင်ရေးဆွဲထားကြောင်း၊ လုပ်ငန်းကြန့်ကြာ စေသည့် အဆင့်များကို ဖယ်ရှားရန်နှင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကို အရှိန်မြှင့် ၍ လုပ်ထုံးလုပ်နည်းများကို ပြေပြစ်သွက်လက်အောင် လုပ်ဆောင်ထားကြောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ အသစ်ကလည်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် လိုလိုလားလား လုပ်ဆောင်ပေးနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

          လက်ရှိတွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးမြေများ၊ မြေလွတ်မြေရိုင်းများ၊ လယ်မြေ၊ ဥယျာဉ်ခြံမြေ များ လျော့နည်းလာခြင်းတို့ကို နိုင်ငံတစ်ဝန်းလုံးတွင် ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ စနစ်တကျ ကြိုတင်စီစဉ်မထားသည့် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ မြေစျေးများ အဆမတန် မြင့်တက်လာခြင်းကြောင့် အသေးစား နှင့် အလတ်စားလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အခွင့်အလမ်းများ နည်းပါး လာခြင်းများရှိကြောင်း သိရှိရပါတယ်။ သို့ဖြစ်၍ အစိုးရအနေဖြင့် နိုင်ငံတော်မြေအသုံးချမှု၊ မူဝါဒ ကို ခေတ်နှင့် လျော်ညီအောင် ပြန်လည်သုံးသပ်၍ ဆက်စပ်ဥပဒေများကိုလည်း ယင်းမူဝါဒများနဲ့ အညီ ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ဝေဖန်အကြံပြုမှုများ ကြားသိရ ပါတယ်။

          ဥပဒေများ ပြဋ္ဌာန်းပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် (Myanmar Investment Law) ကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာလမှာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ ဥပ​ဒေနဲ့အညီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ ၆၁/၂၀၁၈ ဖြင့် ၁၆-၆-၂၀၁၈ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင် ဥက္ကဋ္ဌအသစ်ကိုလည်း ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။

          နိုင်ငံတော်အစိုးရရဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများတွင် ယခင် ဥပဒေဟောင်းဖြစ်တဲ့ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (၁၉၁၄) ကို ရုပ်သိမ်းပြီး၊ ယင်းအစား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (Myanmar Companies Law) အသစ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ပြဋ္ဌာန်းခဲ့ပြီး၊ မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသည် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှာ အာဏာသက်ဝင်လာ ခဲ့ပါတယ်။

          စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန သည် ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အတွက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ (Anti-corruption Code of Ethics for Companies and Body Corporates) ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး၊ ယင်းကျင့်ဝတ်များကို လေးစားလိုက်နာခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဝန်းကျင်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ကုမ္ပဏီများနဲ့ စီးပွားရေး အဖွဲ့အစည်းများကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

          အလားတူပင် တည်ဆဲဥပဒေများဖြစ်တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ (၂၀၁၂) ကို ခေတ်စနစ်နှင့် ပိုမိုညီညွတ်စေဖို့ ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်) ကို စက်တင်ဘာလ (၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၄/၂၀၁၈) ဖြင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပါတယ်။၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လည်း အမျိုးသားလွှတ်တော်တွင် စက်တင်ဘာလ (၇) ရက်နေ့တွင် အတည်ပြုခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့ လျော်ညီဖို့အတွက် ဥပဒေပြုပြင်ပြောင်းလဲမှုမှာ လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းလည်းပါရှိပါတယ်။

ဖိတ်ကြားထားတဲ့ ဧည့်သည့်တော်များနှင့် ကိုယ်စားလှယ်များ ခင်ဗျား။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်ကို သက်ဆိုင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးပွဲ များ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲများသည် Business and Human Rights အခြေခံမူများ ပိုမိုနားလည်စေရန် အထောက်အကူဖြစ်စေခဲ့သော်လည်း လက်တွေ့လိုက်နာကျင့်သုံး ရန် လိုအပ်နေသေးပါတယ်။ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများအနက်  ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် Fourth Regional Workshop on Human Rights and Agribusiness in Southeast Asia နှင့် ရန်ကုန်မြို့နှင့် နေပြည်တော်တို့မှာ – မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ UMFCCI နှင့် ASEAN – CSR Networks တို့ ပူးပေါင်းကျင်းပခဲ့သည့် Multi-Stakeholders Forum on Implementing UN Guiding Principles တို့သည် အရေးပါသည့် အစည်းအဝေးများအဖြစ် ကောက်နုတ်ပြောကြားလိုပါတယ်။ Human Rights and Agribusiness in Southeast Asia အစည်းအဝေးအပြီးမှာတော့ “Yangon Statement on Human Rights and Agribusiness in Southeast Asia” ကို ထုတ်ပြန်ခဲ့ပါတယ်။ ကော်မရှင်၊ UMFCCI နှင့်  ASEAN – CSR Networks Forum ကတော့ ပြည်တွင်းရော အာဆီယံကပါ သက်ဆိုင်သူများ အားလုံးတက်ရောက်ကြသဖြင့် UN Guiding Principles အကောင်အထည်ဖော်ရေးအတွက် များစွာအကျိုးဖြစ်စေခဲ့ပါတယ်။ မြန်မာ နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် အရှေ့တောင်အာရှဒေသနိုင်ငံ များမှာ အလှည့်ကျပြုလုပ်တဲ့ Human Rights and Agribusiness ဆွေးနွေးပွဲများကို ကော်မရှင် က အစဉ်ပါဝင်တက်ရောက်လျက်ရှိပါတယ်။ နောက်တစ်ကြိမ် ဒီအစည်းအဝေးကို ကော်မရှင်က မြန်မာနိုင်ငံမှာ ကျင်းပရန် ရှိပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင်ရရှိသည့် တိုင်ကြားစာများအနက်  မြေယာအငြင်းပွားမှုများနဲ့ ပတ်သက်သည့် တိုင်တန်းသည့် အရေအတွက် အများဆုံးဖြစ်ပါတယ်။ လယ်မြေများကို အစိုးရမှသိမ်းခြင်း၊ ပုဂ္ဂလိကကုမ္ပဏီများမှ သိမ်းဆည်းခြင်းစသည်ဖြင့် အမျိုးမျိုး ရှိတာ တွေ့ရှိရပါတယ်။ ပိုင်ဆိုင်သည့်မြေကို ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ တင်ပြ လျှောက်ထားကြရာတွင် ကြန့်ကြာမှုရှိခြင်း ကြောင့်လည်းကောင်း၊ ဌာနဆိုင်ရာများမှ ဘက်လိုက် ဆောင်ရွက်ပေးနေခြင်း ကြောင့်ဟူ၍လည်းကောင်း တိုင်ကြားလာကြခြင်း ဖြစ်သည်ကို တွေ့ရှိ ရပါတယ်။

ကော်မရှင်က ကွင်းဆင်းစုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြံပြု တိုက်တွန်းသဖြင့် လယ်ယာမြေများ ပြန်လည်ရရှိခြင်းများလည်းရှိပါတယ်။ နိုင်ငံတော်အစိုးရက ပါဝင်ဆောင်ရွက်ပေးသဖြင့် ထူးခြားသည့် အောင်မြင်မှုရရှိသည်ဟုဆိုနိုင်သည့် ကိစ္စတစ်ရပ်ကတော့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ရွှေကျွန်းသာ မြေနုကျွန်းခွဲဝေမှုနှင့် စပ်လျဉ်းသည့် မြေအငြင်းပွား မှုတွင် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်ပေးခဲ့သည့်အတွက် စုစုပေါင်းဧရိယာ ၄၁၆၀.၁၉ ဧက အား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး၊ မူလတောင်သူလယ်သမားများအား လုပ်ထုံးလုပ်နည်း နှင့်အညီ ပြန်လည်လုပ်ပိုင်ခွင့်ပေးရန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြေပွန်ကျေးရွာရှိ သိမ်းဆည်းခံလယ်မြေများ ကို တောင်သူများသို့ ပြန်လည်ပေးအပ်ရေးတွင်လည်း ကော်မရှင်၏ တင်ပြချက်အပေါ် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့်စွန့်လွှတ်မြေဧရိယာ ၈၈.၂၈ ဧကအား မူလပိုင်ရှင်လယ်သမား များထံ အမြန်အပ်နှံရေးကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကန့်ဘလူ၊ မုံရွာ၊ ကသာ နှင့် ရွှေဘိုခရိုင်များရှိ အသုံးပြုရန်မရှိသည့် မြေလွတ်၊ မြေရိုင်း ဧကစုစုပေါင်း ၅၁၆၀.၇၂ ကို နိုင်ငံတော်သို့ ပြန်လည် လွှဲအပ်နှံသွားရန် ရှိကြောင်းသိရှိရပါတယ်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တောင်ငူခရိုင်အတွင်းရှိ စွန့်လွှတ်မြေ ၄၈၁.၉၃ ဧကအား မူလတောင်သူများလက်ဝယ်သို့ ပုံစံ (၃) များဖြင့် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ စုစုပေါင်း စွန့်လွှတ် မြေဧရိယာ ၃၃၂ ဧကကို မူလတောင်သူများထံသို့ အခမ်းအနားဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့ပါ တယ်။ မြေယာများ တောင်သူလယ်သမားများ လက်ဝယ်သို့ ပြန်လည်ပေးအပ်သည့် ဥပမာအချို့ ကို တင်ပြခြင်းဖြစ်ပါတယ်။ ဤဖြစ်စဉ်များသည် ကောင်းမွန်သည့်အစဉ်အလာဖြစ်သဖြင့် ဆက်လက် တိုးတက်မှုများ ရရှိလာလိမ့်မည်ဟု မျှော်လင့်ရပါတယ်။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးဖောက်ဖျက်မှု မရှိစေရေးနှင့် လူ့အခွင့်အရေး လေးစားရေးတို့အတွက် ကုလသမဂ္ဂမှ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူများ (UN Guiding Principles on Business and Human Rights) ကို ချမှတ်ထားပါတယ်။ ယင်းလမ်းညွှန်ချက်တွင် လူ့အခွင့်အရေး အကာအကွယ်ပေး ရေးဆိုင်ရာ နိုင်ငံတော်၏တာဝန်၊ လူ့အခွင့်အရေး လေးစားရန် စုပေါင်းတာဝန်ယူမှုနှင့် ကုစားမှု ပေးရေးတို့ ပါဝင်ပါတယ်။ UN Guiding Principles ဟာ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများအတွက် အခြေခံဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းများတွင် အမျိုးသမီးများ၏ အခွင့်အရေးများကို ဒီ Guiding Principles များနဲ့အညီ ကာကွယ်ပေးရန်လည်း လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

စီးပွားရေးလုပ်ငန်းသည် လူ့အခွင့်အရေးကို လေးစားရမည်ဖြစ်သကဲ့သို့ နိုင်ငံတော် အစိုးရ က အဓိကအခန်းကဏ္ဍမှ လျော်ကန်သည့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပြီး အရေးယူမှု၊ စီရင်ဆုံးဖြတ်မှုတို့ကို ပြုလုပ်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ် သော လူ့အခွင့်အရေးဖောက်ဖျက်မှုများအား ကာကွယ်ပေးခြင်းစသည့် ကောင်းမွန်သောရလဒ်များ ရရှိစေရန် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဤအလုပ်ရုံဆွေးနွေးပွဲသည် UN Guiding Principles ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ဆက်စပ်သည့် အတွေ့အကြုံ၊ သင်ခန်းစာတို့အပေါ် မူတည် ပြီး ကောင်းမွန်သောကျင့်စဉ်များ (good practices) ကို ဆွေးနွေးဖော်ညွှန်းခြင်း၊ စီးပွားရေး လုပ်ငန်းနှင့် ဆက်စပ်သော အလုပ်သမားပိုင်းဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများ၊ မြေယာ သိမ်းယူခြင်း၊ အသုံးပြုခြင်းတို့နှင့် စပ်လျဉ်းသော ပြဿနာများအကြောင်းတို့ကို ဆွေးနွေးခြင်းများ ပြုလုပ်ကြမည်ဖြစ်ရာ ယခုဆွေးနွေးချက်များသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း နှင့် လူ့အခွင့်အရေးနှင့် ဆက်စပ်သော ပြဿနာများအပေါ် ပိုမိုသိရှိနားလည်မှုရရှိရေးအတွက် များစွာ အထောက်အကူဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါကြောင်း တင်ပြအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)  တို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ၊ Park Royal Hotel တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ စသည်ဖြင့် စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ကြိုဆို နှုတ်ဆက် စကားပြောကြား ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံမှု များ လိုအပ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ် ထားသော ဥပဒေများ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂက ချမှတ်ထားသည့် UN Guiding Principles on Business and Human Rights ကို အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် ကောင်းမွန်သော ကျင့်စဉ်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ဆွေးနွေးမည်ဖြစ်သဖြင့် စီးပွားရေး လုပ်ငန်း နှင့် လူ့အခွင့်အရေးနှင့် ဆက်စပ်သော ပြဿနာများအပေါ် ပိုမိုသိရှိ နားလည်မှု ရရှိရေး အတွက်  များစွာ အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် UNDP မှ ဌာနေညွှန်ကြားရေးမှူး Mr. Peter Batchelor က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံတကာကော်ပိုရေးရှင်းများ အတွက် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တစ်ခုပြဋ္ဌာန်းရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုသမိုင်းကြောင်းနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကဏ္ဍတစ်ခုချင်းစီ၏ ဦးစားပေးနယ်ပယ်များ၌ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားရန် မြန်မာနိုင်ငံ၏ တာရှည်ခံသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းမှ အခွင့်အလမ်းများ ပေါ်ပေါက်စေကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားပါသည်။ ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က “မြန်မာနိုင်ငံတွင် တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ဖြစ်ထွန်းလာစေရန်အားပေးမှုတွင် အထူးစီးပွားရေးဇုန်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၏ အခန်းကဏ္ဍ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ UNDP မှ နည်းပညာအကြံပေးအရာရှိချုပ် Mr. Scott Ciment က “တရားဥပဒေစိုးမိုးရေးနှင့် ကုလသမဂ္ဂ၏ လမ်းညွှန်အခြေခံမူများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNDP မှ နည်းပညာ ကျွမ်းကျင်သူ Mr. Livio Sarandrea က “ကုလသမဂ္ဂ၏ လမ်းညွှန်အခြေခံမူများ၊ လမ်းညွှန် အခြေခံမူများတွင် ပါဝင်သည့် အကြောင်းအရာများကို နားလည်စေခြင်း၊ စိန်ခေါ်မှုများနှင့် ထိရောက် မှု” ခေါင်းစဉ်နှင့် “စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Heineken စီးပွားရေးလုပ်ငန်းမှ ကိုယ်စားလှယ်က “လူ့အခွင့် အရေးလေးစားလိုက်နာရေးတွင် စီးပွားရေးလုပ်ငန်းများသည်အစိုးရထံမှ အကူအညီ လိုအပ် ပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံး မှ Head of Economic and Prosperity ဖြစ်သူ Ms. Claire Kirkham က “ မြန်မာနိုင်ငံတွင် တာဝန်ခံမှုရှိသော ကျင့်ဝတ်နှင့် ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း သံတမန်အသိုင်းအဝိုင်းမှ သဘောထားအမြင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်၍ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ် နှင့်စပ်လျဉ်း၍ ပညာရှင်များက ဆွေးနွေးသည့် အစီအစဉ်တွင် UNDP မှ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Mr. Sean Lees က အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး “မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပရာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ၊ International Labour Organization, Myanmar မှ Liaison Officer ဖြစ်သူ Mr. Rory Mungoven၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(UMFCCI) မှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြန်မာ့စီးပွား ရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာနမှ Director Ms. Vicky Bowman တို့က ဆွေးနွေးကြပြီး မေးမြန်းချက်များကို ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း ၁၁၅ မြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲများကို ၂၀၁၁ ခုနှစ်မှ စတင်၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။

          လူ့အခွင့်အရေး အဓိပ္ပါယ်နှင့် အခြေခံအချက်များကို မြို့ရွာ ကျေးလက်အားလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိလာပြီး ပြည်သူ တစ်ဦးချင်းစီက လူ့အခွင့်အရေးကို မှန်ကန်စွာ လေးစားလိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ် ချက်ဖြင့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲခရီးစဉ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်၊ ညီမျှခြင်းမြန်မာ အဖွဲ့တို့နှင့် ပူးပေါင်း ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သည့် ကော်မရှင်ရုံးဝန်ထမ်းများ၊ လူ့အခွင့်အရေးပညာပေးသူများကွန်ရက် နှင့် ညီမျှခြင်းမြန်မာ မှ နည်းပြများ ပါဝင်သာ အဖွဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာရှိ စိတ္တသုခကျောင်း ဘုန်းတော်ကြီးကျောင်းတွင် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းမှ ပြည်သူလူထု ၂၃၀ ဦး တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် တော်လတီကျေးရွာ၊ တော်လတီ ကျောင်းကြီး တွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု ၁၆၄ ဦး တက်ရောက်ခဲ့ပါသည်။

          အလားတူ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာ သန္ဓေပင်အုပ်ချုပ်ရေးမှူးရုံးတွင် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု ၈၈ ဦး တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ပိန္နဲကုန်းကျေးရွာ အောင်ပြည့်လျှံကျောင်းတိုက် ဓမ္မာရုံတွင် ဆက်လက်ဆောင်ရွက် ခဲ့ရာ ကျေးရွာနေပြည်သူလူထု ၁၁၃ ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး၏ အဓိပ္ပါယ်နှင့် အခြေခံ အယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အကြောင်းတို့ကို ဗွီဒီယို၊ ရုပ်ပုံကားချပ်များဖြင့် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ တက်ရောက်သူများက တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်း၊ သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ဥတိုကျေးရွာနှင့် သန္ဓေပင် ကျေးရွာမှ တက်ရောက် လာသူအချို့က မိမိတို့အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ မည်သို့ တိုင်ကြားရမည်ကို မေးမြန်းခဲ့ကြပြီး၊ ဆွေးနွေးပွဲအပြီးတွင် ယခင်ကထက် ပြည့်ပြည့်စုံစုံ သိရှိလာရသဖြင့်၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း​ကြောင့် အကျိုးကျေးဇူး များစွာ ရရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကျေးရွာနေပြည်သူလူထု အတွက် ဦးတည်၍ ၂၀၁၈ ခုနှစ်အတွင်း၌ ရပ်ရွာလူထု အတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးမှုများကို စီမံချက် ချမှတ်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခြင်း

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လက်ရှိ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးညွန့်ဆွေတို့ သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်က ကျင်းပသော ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် ဖိုရမ်၏ (၁၅) ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေး၌ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ ၂၀၁၈ ခုနှစ်အတွင်း လူ့အခွင့်အရေး မြှင့်တင် ကာကွယ်ရေးဆောင်ရွက်ချက်များ၊ ဖိုရမ်၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရန်ကိစ္စ၊ ဖိုရမ်၏ (၂၀၁၇-၂၀၂၁) မဟာဗျူဟာကို အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များ၊  လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် အခြားသော လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များနှင့် စပ်လျဉ်းသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများဖိုရမ်၏ ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း

                   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း ၁၁၅ မြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲများကို ၂၀၁၁ ခုနှစ်မှ စတင်၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။

          လူ့အခွင့်အရေး အဓိပ္ပါယ်နှင့် အခြေခံအချက်များကို မြို့ရွာ ကျေးလက်အားလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိလာပြီး ပြည်သူ တစ်ဦးချင်းစီက လူ့အခွင့်အရေးကို မှန်ကန်စွာ လေးစားလိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲခရီးစဉ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်၊ ညီမျှခြင်းမြန်မာ အဖွဲ့တို့နှင့် ပူးပေါင်း ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သည့် ကော်မရှင်ရုံးဝန်ထမ်းများ၊ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်မှ နည်းပြများ ပါဝင်သာ အဖွဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နံနက်ပိုင်းတွင် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာရှိ မင်္ဂလာစမ်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲအား ပထမဆုံး ကျေးရွာအဖြစ်ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းမှ ပြည်သူလူထု ၇၉ ဦး တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ဝါးဘလောက်သောက် ကျေးရွာ ခါတော်မှီအေး ကျောင်းတိုက် တွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု ၇၅ ဦး တက်ရောက်ခဲ့ပါသည်။

          အလားတူ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ထမ်းမနိုင်ကျေးရွာ ဘုရားကြီး တန်ဆောင်းတွင် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု ၁၇၃ ဦး တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ကျိုက်ထော်စံပြကျေးရွာတွင် ဆက်လက်ဆောင်ရွက် ခဲ့ရာ ကျေးရွာနေပြည်သူလူထု ၈၁ ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး၏ အဓိပ္ပါယ်နှင့် အခြေခံ အယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အကြောင်းတို့ကို ဗွီဒီယို၊ ရုပ်ပုံကားချပ်များဖြင့် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ တက်ရောက်သူများက တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်း၊ သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ နတ်စင်ကုန်း ကျေးရွာမှ တောင်သူ တစ်ဦးက မိမိတို့အနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို ယခင်က ဆိုလျှင် လူ့အခွင့်အရေးဆိုသည်ကို ကြားဖူးယုံသက်သက်သာ ကြားဖူးခဲ့ကြောင်း၊ ယခုဆွေးနွေးပွဲအပြီးတွင် ယခင်ကထက် ပြည့်ပြည့်စုံစုံ သိရှိလာရပါကြောင်း ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကျေးရွာနေပြည်သူလူထု အတွက် ဦးတည်၍ ၂၀၁၈ ခုနှစ်အတွင်း၌ ရပ်ရွာလူထု အတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးမှုများကို စီမံချက် ချမှတ်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။