မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေးအခြေခံသင်တန်း သင်တန်းသားခေါ်ယူခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့် အရေး အသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၁) ကို ဖေဖော်ဝါရီလ တတိယပတ်တွင် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

(က)    သင်တန်းကာလ။     ၂၅-၂-၂၀၁၉ ရက်နေ့မှ ၈-၃-၂၀၁၉ ရက်နေ့အထိ (ရုံးဖွင့်ရက် များသာ)၊

(ခ)     သင်တန်းချိန်။             နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊

(ဂ)     သင်တန်းသား အရေအတွက်။       (၅၀) ဦး။

၂။      သင်တန်းမှာ အခမဲ့ဖြစ်ပြီး သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများအတွက် ကုန်ကျမှု ကို သင်တန်းသားမှ ကျခံရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ website; www.mnhrc.org.mm နှင့်Facebook Page www.facebook.com/myanmarnhrc  တို့တွင် ဝင်ရောက် ကြည့်ရှု၍ (၈-၂-၂၀၁၉) နေ့  နောက်ဆုံးလျှောက်ထားနိုင်ပြီး အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ်(၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း၀၁ ၆၅၄၆၇၃၊ ၀၁ ၆၅၄၆၈၁ (လိုင်းခွဲ၈၃၁၊၈၄၈) တို့ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် ရွေးချယ်သော သင်တန်းသား များအား  (၁၅-၂-၂၀၁၉) ရက်နေ့ Website နှင့် Facebook မှ  ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

လျှောက်လွှာတင်ရန်link; https://docs.google.com/…/1xSELHFmt5pSPpDv7HO31RR…/viewform…

 

 

 

 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အရ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်ရေးအတွက် အကြံပြုတိုက်တွန်းချက် များကို မြန်မာနိုင်ငံက အကောင်အထည်ဖေါ်ဆောင်ရေးအတွက် အမျိုးသားအဆင့် ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အဆိုပါ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းကို အထောက် အကူဖြစ်စေရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖေါ်ဆောင် ရေးအလုပ်ရုံဆွေးနွေးပွဲ  ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေပြည်တော်ရှိ၊ အမရာဟိုတယ်တွင် ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စား လှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ The Lutheran World Federation (Myanmar) မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများ စသည်ဖြင့် စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ကြသည်။

            အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် UPR လုပ်ငန်းစဉ်အရ နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ တတိယအကျော့အဖြစ် သုံးသပ်မှု ခံယူရမည်ဖြစ်သဖြင့် အစီရင်ခံစာတင်သွင်းရန်ရှိပါကြောင်း၊  UPR ဒုတိယအကျော့သုံးသပ်မှုခံယူခဲ့စဉ်က မြန်မာနိုင်ငံက လက်ခံ ခဲ့သည့် အကြံပြုတိုက်တွန်းချက်များအကောင်အထည်ဖေါ် ဆောင်ရွက်ရန်ကိစ္စရပ်များ အလွတ်သဘော ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် တက်တက်ကြွကြွပါဝင်ဆွေးနွေးပေး ပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် The Lutheran World Federation (Myanmar) မှ ဌာနေကိုယ်စားလှယ် Mr. David Henry Mueller က အဖွင့်အမှာစကား ပြောကြားရာတွင် UPR အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့်  အလုပ်ရုံ ဆွေးနွေးမှ ဆွေးနွေးမှုများသည် များစွာအကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ပါကြောင်း ထည့်သွင်း ပြောကြားပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အရ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR)နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့်UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ LWF မှ Deputy Program Manager ဦးစံသိန်းမောင်က Lutheran World Federation ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် UPR နှင့်ဆက်စပ်သည့် လုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

            ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကို အဖွဲ့ငယ်များခွဲ၍ မြန်မာနိုင်ငံက လက်ခံခဲ့သည့် UPR အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မည်သည့်ဌာန/ အဖွဲ့အစည်းများက မည်ကဲ့သို့ အကောင် အထည်ဖေါ်ဆောင်ရွက်သင့်သည်ကို အလွတ်သဘော ဆွေးနွေးအကြံပြုသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးအကြံပြုချက်များကို ကော်မရှင်က စုစည်း၍ အစီရင်ခံစာ ပြုစုတင်ပြမည်ဖြစ်သည်။

အကျဉ်းထောင်များနှင့် အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၃-၁-၂၀၁၉ ရက်နေ့တွင် မြင်းခြံမြို့ပေါ်ရှိ မြို့မရဲစခန်း၊ တရားရုံး အချုပ်ခန်းများကိုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ အကျဉ်း ဦးစီးဌာနအောက်ရှိ မြင်းခြံ အကျဉ်းထောင်ကို ဝင်ရောက်ပြီး အကျဉ်းသား အိပ်ဆောင်များ၊ စားဖိုကြီး၊ စာကြည့်တိုက်၊ ထောင်တွင်းဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား၊ အချုပ်သား များကို အုပ်စု ၆ စုခွဲ၍ တွေ့ဆုံစစ်ဆေးမေးမြန်းခဲ့ရာ ယခင် ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ဇန်နဝါရီလများက ကြည့်ရှုစစ်ဆေးစဉ်ကထက် ပိုမိုတိုးတက် ကောင်းမွန်လာသည်ကို တွေ့ရှိရပါ သည်။  ဆက်လက်၍ ၂၄-၁-၂၀၁၉ ရက်နေ့တွင် ညောင်ဦးအကျဉ်းထောင်၊ မြို့မရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အချုပ်သား၊ အကျဉ်းသားများနှင့် အဖွဲ့လိုက် တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ အကျဉ်းသားများအတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေများ၊ တရားစာအုပ်များ လှူဒါန်း ခြင်းတို့ကို ဆောင်ရွက်ပြီး ဝန်ထမ်းများတွေ့ဆုံကာ လိုအပ်ချက်နှင့် အခက်အခဲများ မေးမြန်းခြင်း၊  လူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်ဘဲ တာဝန်ထမ်းဆောင်ကြရေး တာဝန်ရှိသူများကို မှာကြားခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းစုံစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာနှင့် ထုံးဝကျေးရွာကြား စာသင်ကျောင်းဆောက်လုပ်ရန် မြေနေရာ နှင့်ပတ်သက်၍ ဂန်ချောင်းနှင့် ထုံးဝ ကျေးရွာနှစ်ရွာအကြား ရွာလူကြီးများ အငြင်းပွားနေခြင်းကြောင့် စာသင်ကျောင်း ဆောက်လုပ်မှု ၃ နှစ်ခန့် နှောင့်နှေး နေခဲ့ရသည့်အပေါ် ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်သော ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၁-၁-၂၀၁၉ ရက်နေ့တွင် အငြင်းပွားနေသည့် ကျေးရွာများနှင့် ကျောင်းမြေနေရာများအား ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဆန်း၊ တိုင်းပညာရေးဦးစီးမှူး ဦးကျော်ဝင်း၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ညောင် တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျေးရွာနှစ်ရွာရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုနှင့် တွေ့ဆုံညှိနှိုင်းချက်များအရ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အလုပ်လျှောက်လွှာခေါ်ယူခြင်း

      ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖွင့်လှစ်မည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးခွဲတွင် ခန့်အပ်နိုင်ရေးအတွက် အောက်ဖော်ပြပါ ရာထူးနေရာများသို့ ယှဉ်တွဲပါ သတ်မှတ် ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

 (က)   ဦးစီးအရာရှိ –        လစာနှုန်း ကျပ် ၂၇၅၀၀ဝိ/- (၁) ဦး

        (ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ရန်)

                   (၁)     အသက် (၄၀) နှစ်အောက် ဖြစ်ရမည်။

              (၂)     အစိုးရဌာနတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် ပုဂ္ဂလိက ကုမ္ပဏီများတွင်  လုပ်ကိုင်သူဖြစ်ပါက အစိုးရဌာနတွင်  လုပ်ကိုင်ခဲ့သော လုပ်သက် နှင့် ပုဂ္ဂလိကကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သောလုပ်ငန်းအတွေ့အကြုံ စုစုပေါင်းအနည်းဆုံး (၅) နှစ်ရှိရမည်။

(ခ)     အကြီးတန်းစာရေးလစာနှုန်း ကျပ် ၁၉၈၀၀ဝိ/- (၁) ဦး

          (ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ရန်)

                  (၁)     အသက် (၂၀) နှစ်နှင့် (၃၀) နှစ်အကြားဖြစ်ရမည်။

                   (၂)     ရုံးလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။

(ဂ)     အငယ်တန်းစာရေးလစာနှုန်း ကျပ် ၁၈၀၀၀ဝိ/- (၂) ဦး

         (ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ရန်)

                 (၁)     အသက် (၂၀) နှစ်နှင့် (၃၀) နှစ်အကြား ဖြစ်ရမည်။

(ဃ)    အထက်ပါ ရာထူးနေရာများသို့ ဝင်ရောက်လျှောက်ထားလိုသူများသည်-

                 (၁)     အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။

                 (၂)     မဟာဘွဲ့နှင့်အထက် ရရှိသူများကို ဦးစားပေးမည်။

                 (၃)     အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်သူကို ဦးစားပေးမည်။

        (၄)     ရွေးချယ်ခံရပါက ကော်မရှင်က စေလွှတ်မည့် သင်တန်းများ တက်ရောက်နိုင် ရမည်ဖြစ်ပြီး ကော်မရှင်နှင့်အလုပ်ခန့်ထားခြင်းဆိုင်ရာ  သဘောတူ                စာချုပ်ချုပ်ဆို နိုင်သူ ဖြစ်ရမည်။

               (၅)     ရုံးခွဲအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နေထိုင်သူ (သို့မဟုတ်) ရခိုင်ပြည်နယ် နေထိုင်နိုင်သူကို ဦးစားပေးရွေးချယ်ပါမည်။

               (၆)     ရခိုင်ပြည်နယ်အတွင်း ဒေသမရွေးခရီးသွားလာတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

               (၇)     စစ်တွေမြို့တွင် ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်။

မှတ်ချက်။      (က)    အထက်ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီသူများသည် အောက် ဖော်ပြပါ အထောက်အထားများ ပြည့်စုံစွာဖြင့် (၁၅-၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး  ကော်မရှင်ရုံး၊ အမှတ် (၂၇) ၊ ပြည်လမ်း ၊ လှိုင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးသို့ လူကိုယ်တိုင်ဖြစ်စေ၊ မှတ်ပုံတင်(အမြန်ချောပို့) စနစ်ဖြင့် ဖြစ်စေ ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။

  • ကိုယ်တိုင်ရေးလျှောက်လွှာ (Curriculum Vitae (CV) Form ပူးတွဲလျက်)
  • ဘွဲ့လက်မှတ်မိတ္တူ၊
  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
  • အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်း(သို့မဟုတ်)၊ ပြန်တမ်းဝင်အရာရှိ (၁) ဦး (သို့မဟုတ်) အကြီးတန်းမန်နေဂျာ (သို့မဟုတ်) အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ထောက်ခံချက်၊
  • အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
  • အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံအထောက်အထားများ၊
  • ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်တစ်ဦးဦး၏ ထောက်ခံချက်၊

                        (ခ)     အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် – ၀၁- ၆၅၄၆၈၁ မှ ၆၅၄၆၈၄ Ext:  ၈၀၁၊ ၈၃၆ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။