မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ရက်တို့မှ ပူးပေါင်းကျင်းပသည့် ရပ်ရွာလူထုအတွင်းလူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေးအသိပညာပေးသူများ ကွန်ရက်တို့မှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ အနိုင်းပွန်ကျေးရွာ အုပ်စုနှင့် သဲဖြူချောင်းကျေးရွာအုပ်စုများသို့  သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ ကိုးနဝင်းစေတီ ပဋ္ဌာန်းဓမ္မာရုံတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဖက္ကလိပ်ကျေးရွာအုပ်စုအတွင်းမှ  ရွာသူရွာသားများ စုစုပေါင်း(၁၃၆) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

          အလားတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင်  ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ ဗန့်ဂျီကျောင်းတိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျိုက်ပိကျေးရွာအုပ်စုအတွင်းမှ ရွာသူရွာသား များ စုစုပေါင်း(၁၀၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။ ယင်းနောက် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာအုပ်စု၊ သစ်တိုကျွန်းကျေးရွာ၊ သစ်တိုကျွန်း ပရိယတ္တိ စာသင်တိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သစ်တိုကျွန်းကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၆၆) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ဘီးလင်းမြို့နယ်၊ သဲဖြူကျွန်းကျေးရွာအုပ်စု၊ သပြေနီကျေးရွာ သီရိမင်္ဂလာသပြေနီကျောင်းတိုက်၌  လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သပြေနီကျေးရွာမှ ရွာသူ ရွာသားများ စုစုပေါင်း (၇၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ  ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆနှင့် အခြေခံအချက်များကိုလည်းကောင်း၊ လူ့အခွင့် အရေး အသိပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် ဦးစွမ်းဆောင်မှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း သမိုင်းကြောင်းကိုလည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် ဦးနောင်နောင်နှင့် ဒေါ်အိအိခိုင်တို့မှလည်း ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်ပေါင်း (၃၀) အနက်မှ ရွာသူရွာသားများမှ ရွေးချယ်ပေးသော အပိုဒ်များကိုလည်းကောင်း၊   မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး ထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ​ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရွာသူရွာသားများက ယခု ကဲ့သို့  ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ယခင်ကထက် ပိုမိုသိရှိလာကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသင့်ပါ ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ပြည်သူများအတွင်း လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိနားလည်စေရန်နှင့် လေးစားလိုက်နာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်လွင်ထူးမှ ပြောကြားခဲ့ပါသည်။

          ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ အနိုင်းပွန် ကျေးရွာအုပ်စုနှင့် သဲဖြူချောင်းကျေးရွာအုပ်စုများတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ အောင်မြင်စွာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရှိရပါသည်။

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Democracy Reporting International (DRI) အဖွဲ့အစည်းတို့ ပူးပေါင်း၍ “ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး များဆိုင်ရာအပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ” ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နေ့က နေပြည်တော်ရှိ Horizon Lake View Resort Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့မှ အဆင့်မြင့် အရာရှိများ၊ အစိုးရဌာများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ Democracy Reporting International (DRI) မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများစသည်ဖြင့် စုစုပေါင်း (၃၂) ဦး တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံက လက်ခံထားသော UPR အကြံပြု တိုက်တွန်းချက်များတွင် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ကို စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ရေးလည်း ပါရှိ ကြောင်း၊ ICCPR တွင် ပါဝင်ခြင်းဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းထူထောင်ရာတွင် အထောက်အကူ ဖြစ်စေမည့်အပြင် နိုင်ငံတကာ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ICCPR နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လာစေရန် အတွက် ကော်မရှင်က အလုပ်ရုံ ဆွေးနွေးပွဲများလည်း ကျင်းပခဲ့ကြောင်း၊ ICCPR ကို မြန်မာဘာသာသို့ ပြန်ဆိုဖြန့်ချိမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ICCPR တွင်  ပါဝင် ချုပ်ဆိုရေးအတွက် ကော်မရှင်က နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲကို ICCPR နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ကျင်းပ ခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ်၍ တက်ကြွစွာ ပါဝင်ဆွေးနွေးကြပါရန် မေတ္တာရပ်ခံပါကြောင်းပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ ဘာသာရပ်ကျွမ်းကျင်သူ Prof. Vitit Muntarbhorn နှင့် ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ICCPR နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်ကြသည့် ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။

သာယာဝတီ အကျဉ်းထောင်များနှင့် အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း

       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၇-၂-၂၀၁၉ ရက်နေ့နှင့် ၈-၂-၂၀၁၉ ရက်နေ့များတွင် သာယာဝတီမြို့မရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းဦးစီးဌာနအောက်ရှိ သာယာဝတီ ဗဟိုအကျဉ်းထောင်ကို ဝင်ရောက်၍ အကျဉ်းသား၊ အချုပ်သားများ၊ အိပ်ဆောင်များ၊ စားဖိုကြီး၊ ထောင်တွင်းဆေးခန်း၊ အသက်မွေးမှု အတက်သင်ကျောင်း တို့ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ ၁၆၅ ဦးအား တစ်ဦးချင်းဖြင့် ၂ ရက်တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊ အချုပ် သား၊ အကျဉ်းသားများ နှင့် အဖွဲ့လိုက် ၃၄ နေရာခွဲ၍ တွေ့ဆုံပြီး အခက်အခဲများ မေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားစာအုပ်များ၊ ဗလာစာအုပ်များ၊ သတင်းစာများ လှူဒါန်း ခြင်းတို့ကို ဆောင်ရွက်ပြီး ပြုပြင်ရန်ရှိသည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။