ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Democracy Reporting International (DRI) အဖွဲ့အစည်းတို့ ပူးပေါင်း၍ “ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေး များဆိုင်ရာအပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ” ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နေ့က နေပြည်တော်ရှိ Horizon Lake View Resort Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့မှ အဆင့်မြင့် အရာရှိများ၊ အစိုးရဌာများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ Democracy Reporting International (DRI) မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများစသည်ဖြင့် စုစုပေါင်း (၃၂) ဦး တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံက လက်ခံထားသော UPR အကြံပြု တိုက်တွန်းချက်များတွင် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ကို စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ရေးလည်း ပါရှိ ကြောင်း၊ ICCPR တွင် ပါဝင်ခြင်းဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းထူထောင်ရာတွင် အထောက်အကူ ဖြစ်စေမည့်အပြင် နိုင်ငံတကာ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ICCPR နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လာစေရန် အတွက် ကော်မရှင်က အလုပ်ရုံ ဆွေးနွေးပွဲများလည်း ကျင်းပခဲ့ကြောင်း၊ ICCPR ကို မြန်မာဘာသာသို့ ပြန်ဆိုဖြန့်ချိမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ICCPR တွင်  ပါဝင် ချုပ်ဆိုရေးအတွက် ကော်မရှင်က နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲကို ICCPR နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ကျင်းပ ခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ်၍ တက်ကြွစွာ ပါဝင်ဆွေးနွေးကြပါရန် မေတ္တာရပ်ခံပါကြောင်းပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ ဘာသာရပ်ကျွမ်းကျင်သူ Prof. Vitit Muntarbhorn နှင့် ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ICCPR နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်ကြသည့် ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။