လူ့အခွင့်အရေးအခြေခံသင်တန်းအမှတ်စဉ် (၂) သင်တန်း ဖွင့်လှစ်ခြင်း

    လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိနားလည်လာပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ် ခွင့်များအပေါ် လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန်နှင့် နိုင်ငံသားတိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေးစံနှုန်းများ မြင့်မားသော လူ့ဘောင်ပေါ်ထွန်းရေး ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး အခြေခံသင်တန်းအမှတ်စဉ် (၂) ကို ကော်မရှင်ရုံး တည်ရှိရာ အမှတ် (၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၂၅-၃-၂၀၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ သင်တန်းကာလမှာ ၂ပတ် ကြာမြင့်မည်ဖြစ်ပြီး ၈-၄-၂၀၁၉ ရက်နေ့ထိ လူ့အခွင့်အရေးကို စိတ်ဝင် စားသော ပြည်သူများအတွက် သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအပါအဝင် စုစုပေါင်းဘာသာရပ် ၁၈ ခု ကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်ရှင်ရုံးမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဘာသာရပ်ကျွမ်းကျင်သူတို့က ပို့ချသွားမည် ဖြစ်ပါ သည်။ သင်တန်းသို့  သင်တန်းသား  (၂၇) ဦး၊ သင်တန်းသူ (၂၄) ဦးတို့မှ တက်ရောက်လျက်ရှိပြီး  သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်ဆန်းစစ်မှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကျင်းပခြင်း

   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အာရှပစိဖိတ်အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့နှင့် ပူးပေါင်း၍  ကော်မရှင်၏ စွမ်းဆောင်ရည် ဆန်းစစ်မှုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ  ဆောင်ရွက်ခဲ့ပြီးနောက် ကော်မရှင်၏ စွမ်းဆောင်ရည်ဆန်းစစ်မှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပခဲ့သည်။

          အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ UN Resident and Humanitarian Coordinator and UNDP Resident Representative ဖြစ်သူ Mr. Knut Ostby၊ UNDP မှ Deputy Country Director ဖြစ်သူ Ms. Dawn Del Rio နှင့် UNDP မှ အရာထမ်းများ၊ ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Cynthia Veliko၊ နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ကြသည်။

          အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ နှင့် UNDP မှ Deputy Country Director တို့က အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားကြပြီး UNDP Bangkok Regional Office မှ Regional Advisor on Human Rights ဖြစ်သူ Mr. Nicholas Booth နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Cynthia Veliko တို့က ကော်မရှင်၏စွမ်းဆောင်ရည် ဆန်းစစ်မှု လုပ်ငန်းစဉ်၊ ဆန်းစစ်မှုမှ တွေ့ရှိချက် များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြပါသည်။ ထို့နောက် အခမ်းအနား တက်ရောက်ကြသူများက ကော်မရှင်၏ စွမ်းဆောင်ရည် ဆန်းစစ်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင် ဥက္ကဋ္ဌနှင့် UNDP မှ Deputy Country Director နှင့် UNDP Regional Advisor တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နှင့် ရွာငံမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲများကျင်းပ

     မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး ဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာရှင်းလင်း ဆွေးနွေးပွဲများ ပြုလုပ် ဆောင်ရွက်လျက် ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ နှင့် ရွာငံမြို့များသို့  သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာကော်မရှင် ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၉၇) ဦး စိတ်ပါဝင်စားစွာ တက် ရောက်ခဲ့ပါသည်။

          အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာရှိ ရွှေပုထိုး(မြောက်) ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်မိ/ ရပ်ဖများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၂၂၀) ဦး တက်ရောက်ခဲ့ပါသည်။

          ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ခေါင်းဆောင်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်လပြည့်ဝင်းတို့ ပါဝင်သောအဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့သို့ ဆက်လက် သွားရောက်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ရွာငံမြို့ ဗထူးခန်းမ၌ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း (၂၀၇) ဦး တက်ရောက်ခဲ့ကြပါသည်။

          ဆက်လက်ပြီး ရွာငံမြို့နယ်ရှိမြိုင်ကျေးရွာသို့ သွားရောက်ပြီးနေ့လယ် (၁၃:၀၀) နာရီ အချိန် တွင် ဝံခဲတောရဘုန်းတော်ကြီးကျောင်း၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်မိ/ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရွာသူ/ ရွာသားများ အပါအဝင် စုစုပေါင်း (၁၇၀) ဦး တက်ရောက် ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများအကြောင်းကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

        ဆွေးနွေးပွဲများအတွင်း တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ ကြသည့်အနက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအပိုင်းတွင် ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ Facebook တွင် Comment ရေးသားမှုနှင့်ဆက်နွှယ်၍ ထောင် ၇ နှစ် ချမှတ်ခံရသည့်ကိစ္စ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းသည် ဥပဒေကဲ့သို့စည်းနှောင်မှုမရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်မည်၊ အသက် ၁၈ နှစ်အောက် ကလေးလုပ်သားအချို့ ပညာသင်ကြားခွင့် ဆုံးရှုံး နေသည့်ကိစ္စနှင့် မသန်စွမ်းသူများအတွက် အခွင့်အရေးမဆုံးရှုံး ရအောင် မည်သို့ဆောင်ရွက် ပေးနိုင် မည် အစရှိသည့် မေးမြန်းမှုများအပေါ် ကော်မရှင်ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ပါသည်။

          မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို လေးစားရန် နှင့် မှန်ကန်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာဆွေးနွေး ဟောပြောပွဲများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပါအဝင် နယ်မြေဒေသအသီးသီး၌ ဆက်လက် ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (ICCPR) နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ ကျင်းပခြင်း

      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Democracy Reporting International (DRI) တို့ ပူးပေါင်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဌာန တာဝန်ခံ အရာရှိများ၊ DRI အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

     အဆိုပါ ဆွေးနွေးပွဲတွင်  ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Professor Xavier Philippe က ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူ စာချုပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းရာ Professor Xavier Philippe က ပြန်လည်ဆွေးနွေးဖြေကြားမှု များ ပြုလုပ်ခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့တွင် အစည်းအဝေးတက်ရောက်ခြင်း

        မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးညွန့်ဆွေတို့ သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံ၌ ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပသော အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI)၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

       အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမ ကထ ပြု၍ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း (၁၂၂) ဖွဲ့ရှိသည်။ မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အဆိုပါအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ စတင် ၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

   အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ ကမ္ဘာ့အဖွဲ့ကြီး၏ နှစ်ပတ်လည် အစည်းအဝေးအပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေး အတွက် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများက ၎င်းတို့၏တာဝန်ဝတ္တရားများနှင့် အညီ ဆောင်ရွက်ရေးကိစ္စ အသိပညာဖလှယ်မှု ဆွေးနွေးပွဲသို့လည်းကောင်း၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း ကျင်းပသော ဆွေးနွေးပွဲဖြစ်သည့် ရွှေ့ပြောင်းသွားလာမှုနှင့် စပ်လျဉ်းသော ကမ္ဘာလုံး ဆိုင်ရာသဘောတူညီချက်ကို အကောင်အထည် ဖော်ရာတွင်လူ့အခွင့်အရေးကို အခြေခံ၍အမျိုးသမီး အခွင့်အရေး အလေးထားဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ လည်းကောင်း၊ အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးသို့လည်းကောင်း၊ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်နှင့် ဂျီနီဗာမြို့အခြေစိုက် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသို့လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

အကျဉ်းထောင်များ၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများနှင့် အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးခြင်း

   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၄-၃-၂၀၁၉ ရက်နေ့တွင် အကျဉ်းဦးစီးဌာနအောက်ရှိ မုပ္ပလင် (ကျား) ကုန်ထုတ်စခန်းကိုလည်းကောင်း၊ ၅-၃-၂၀၁၉ ရက်နေ့ နှင့် ၆-၃-၂၀၁၉ ရက်နေ့များတွင် ၄ မိုင် ကုန်ထုတ်စခန်း၊ တောင်ငူအကျဉ်းထောင်နှင့် တောင်ငူမြို့ရှိ ရဲစခန်းအချုပ်ခန်းများ၊ တရားရုံး အချုပ်ခန်းများကိုလည်းကောင်း၊ ၇-၃-၂၀၁၉ ရက်နေ့တွင် ရမည်းသင်း အကျဉ်းထောင်း၊ ရမည်းသင်းမြို့ရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ် ခန်းနှင့် ဆေးရုံ အချုပ်ခန်းတို့ကိုလည်းကောင်း ၈-၃-၂၀၁၉ရက်နေ့တွင် နေပြည်တော် အချုပ်ထောင် ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား၊ အချုပ်သားများ၊ အိပ်ဆောင်များ၊ စားဖိုကြီး၊ ထောင်တွင်း ဆေးခန်းတို့ကို လည်းကောင်း၊ ကြည့်ရှု စစ်ဆေးပြီး တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား၊အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူတို့အား တစ်ဦးချင်း တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊ အချုပ်သား၊ အကျဉ်းသားများ နှင့် အဖွဲ့လိုက် နေရာခွဲ၍ တွေ့ဆုံပြီး အခက်အခဲများ မေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားဓမ္မစာအုပ်များ၊ ဗလာစာအုပ်များ၊ သတင်းစာ များ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပြီး ပြုပြင်ရန်ရှိသည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။ တောင်ငူအကျဉ်းထောင်တွင် တက္ကသိုလ် ဝင်တန်း ဖြေဆိုမည့် အကျဉ်းသား၊ အချုပ်သား ၄ ဦး ကို တွေ့ဆုံအားပေးခြင်း၊ စာမေးပွဲဖြေဆိုမည့်အခန်းကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေး အသိပညာများ ပြည်သူ အတွင်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၈) ရက်နေ့ အထိ ဖွင့်လှစ်ခဲ့သည့် လူ့အခွင့်အရေး အခြေခံသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တည်ရှိရာ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၌ မတ်လ (၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ သင်တန်းသို့ အနယ်နယ် အရပ်ရပ်မှ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် ဘာသာရပ် (၁၈) ခု သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစစ်မြိုင်မှ သင်တန်းတစ်ခုလုံး အပေါ်ခြုံငုံသုံးသပ် ပြောကြား ရာတွင် သင်တန်းသို့နေ့စဉ်စိတ်ဝင်တစား တက်ရောက်ကြပြီး လွတ်လပ် ပွင့်လင်းမှု သဘောဖြင့် မေးခွန်းများ မေးမြန်းကြမှုများအတွက် ကျေးဇူးတင်ပါကြောင်းနှင့် လူ့အခွင့်အရေးသည် လူသား အားလုံးနှင့် သက်ဆိုင်သည်အခွင့်အရေး တစ်ခုဖြစ်သော် လည်း လူ့အခွင့်အရေးကို လွှမ်းမိုးတတ် သည့် အရာများလည်းရှိပါကြောင်း၊ ဥပမာ အမျိုးသား အကျိုးစီးပွား၊ ဘာသာရေး၊  ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ပဋိပက္ခများစသည်တို့ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာသည် လည်း အရေးကြီး ပါကြောင်း၊ လူအချင်းချင်း လူ့ဂုဏ်သိက္ခားများ အပြန်အလှန်လေးစားခြင်းသည် လူ့အခွင့်အရေး တွင် မရှိမဖြစ် လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။ ၄င်းနောက် မေးခွန်းများ မေးမြန်းခြင်း အပိုင်းတွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို အသက်(၁၈) နှစ်ဟု သတ်မှတ်မည်ဟု သိရှိ ထားသော်လည်း အချို့နယ်မြေများ တွင် အသက်(၁၈) နှစ်အောက် များ၄င်းတို့ဓလေ့ထုံးတမ်းအညီ လက်ထပ်ထားသည်များ ရှိနေသည့် အတွက် ၄င်းအပေါ် လူအခွင့်အရေး အမြင်ရှုထောင့်မှ ဖြေကြား ပေးစေလိုပါကြောင်း မေးမြန်းရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌမှ ကလေးသူငယ် အခွင့်အရေးဟု ဆိုလိုက်လျှင် ကလေးသူငယ်၏အကောင်းဆုံး အကျိုးစီးပွား ကိုသာကြည့်ရှုရမည်ဟု ဆိုထားသလို မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေတွင်လည်း ကလေးသူငယ်၏ အကျိုး ကိုသာ ကြည့်ရှုရမည် ဟုဆိုထားသည့်အတွက် ကလေးသူငယ်ကိုသာ အဓိကထားစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ယခု ကိစ္စမှာလည်း တစ်ဖြည်းဖြည်းနှင့် ချင့်ချိန်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားပါသည်။ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သူ ဦးကုမာရမှကျေးဇူးတင်စကားပြောကြား ရာတွင် သင်တန်းသားများအနေနှင့် သင်တန်း မတက်ရောက်မီ တက်ရောက်ပြီး နောက်ပိုင်း လူ့အခွင့်အရေးဗဟုသုတများ များစွာတိုးတက်လာသည့်အတွက် အချိန်ပေးပြီး သင်တန်း ဖွင့်လှစ် ပေးသည့် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်း တာဝန်ရှိသူများအား ကျေးဇူးတင် ရှိပါကြောင်းနှင့် ဆက်လက်၍လည်း အဆင့်မြင့် သင်တန်းများအား ဖွင့်လှစ်ပေးစေလိုပါကြောင်း ပြောကြားပါသည်။ ၄င်းနောက် သင်တန်းဆင်း လက်မှတ်များအား ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ နှင့်ကော်မရှင်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်တို့မှ ပေးအပ်ခဲ့ကြပြီး သင်တန်း ဆင်းပွဲ အခမ်းအနားအား နံနက် (၉)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။