မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေး အသိပညာများ ပြည်သူ အတွင်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၈) ရက်နေ့ အထိ ဖွင့်လှစ်ခဲ့သည့် လူ့အခွင့်အရေး အခြေခံသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တည်ရှိရာ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၌ မတ်လ (၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ သင်တန်းသို့ အနယ်နယ် အရပ်ရပ်မှ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် ဘာသာရပ် (၁၈) ခု သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစစ်မြိုင်မှ သင်တန်းတစ်ခုလုံး အပေါ်ခြုံငုံသုံးသပ် ပြောကြား ရာတွင် သင်တန်းသို့နေ့စဉ်စိတ်ဝင်တစား တက်ရောက်ကြပြီး လွတ်လပ် ပွင့်လင်းမှု သဘောဖြင့် မေးခွန်းများ မေးမြန်းကြမှုများအတွက် ကျေးဇူးတင်ပါကြောင်းနှင့် လူ့အခွင့်အရေးသည် လူသား အားလုံးနှင့် သက်ဆိုင်သည်အခွင့်အရေး တစ်ခုဖြစ်သော် လည်း လူ့အခွင့်အရေးကို လွှမ်းမိုးတတ် သည့် အရာများလည်းရှိပါကြောင်း၊ ဥပမာ အမျိုးသား အကျိုးစီးပွား၊ ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ပဋိပက္ခများစသည်တို့ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာသည် လည်း အရေးကြီး ပါကြောင်း၊ လူအချင်းချင်း လူ့ဂုဏ်သိက္ခားများ အပြန်အလှန်လေးစားခြင်းသည် လူ့အခွင့်အရေး တွင် မရှိမဖြစ် လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။ ၄င်းနောက် မေးခွန်းများ မေးမြန်းခြင်း အပိုင်းတွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို အသက်(၁၈) နှစ်ဟု သတ်မှတ်မည်ဟု သိရှိ ထားသော်လည်း အချို့နယ်မြေများ တွင် အသက်(၁၈) နှစ်အောက် များ၄င်းတို့ဓလေ့ထုံးတမ်းအညီ လက်ထပ်ထားသည်များ ရှိနေသည့် အတွက် ၄င်းအပေါ် လူအခွင့်အရေး အမြင်ရှုထောင့်မှ ဖြေကြား ပေးစေလိုပါကြောင်း မေးမြန်းရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌမှ ကလေးသူငယ် အခွင့်အရေးဟု ဆိုလိုက်လျှင် ကလေးသူငယ်၏အကောင်းဆုံး အကျိုးစီးပွား ကိုသာကြည့်ရှုရမည်ဟု ဆိုထားသလို မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေတွင်လည်း ကလေးသူငယ်၏ အကျိုး ကိုသာ ကြည့်ရှုရမည် ဟုဆိုထားသည့်အတွက် ကလေးသူငယ်ကိုသာ အဓိကထားစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ယခု ကိစ္စမှာလည်း တစ်ဖြည်းဖြည်းနှင့် ချင့်ချိန်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားပါသည်။ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သူ ဦးကုမာရမှကျေးဇူးတင်စကားပြောကြား ရာတွင် သင်တန်းသားများအနေနှင့် သင်တန်း မတက်ရောက်မီ တက်ရောက်ပြီး နောက်ပိုင်း လူ့အခွင့်အရေးဗဟုသုတများ များစွာတိုးတက်လာသည့်အတွက် အချိန်ပေးပြီး သင်တန်း ဖွင့်လှစ် ပေးသည့် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်း တာဝန်ရှိသူများအား ကျေးဇူးတင် ရှိပါကြောင်းနှင့် ဆက်လက်၍လည်း အဆင့်မြင့် သင်တန်းများအား ဖွင့်လှစ်ပေးစေလိုပါကြောင်း ပြောကြားပါသည်။ ၄င်းနောက် သင်တန်းဆင်း လက်မှတ်များအား ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ နှင့်ကော်မရှင်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်တို့မှ ပေးအပ်ခဲ့ကြပြီး သင်တန်း ဆင်းပွဲ အခမ်းအနားအား နံနက် (၉)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။



