မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးညွန့်ဆွေတို့ သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံ၌ ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပသော အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI)၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမ ကထ ပြု၍ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း (၁၂၂) ဖွဲ့ရှိသည်။ မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အဆိုပါအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ စတင် ၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ ကမ္ဘာ့အဖွဲ့ကြီး၏ နှစ်ပတ်လည် အစည်းအဝေးအပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေး အတွက် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများက ၎င်းတို့၏တာဝန်ဝတ္တရားများနှင့် အညီ ဆောင်ရွက်ရေးကိစ္စ အသိပညာဖလှယ်မှု ဆွေးနွေးပွဲသို့လည်းကောင်း၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း ကျင်းပသော ဆွေးနွေးပွဲဖြစ်သည့် ရွှေ့ပြောင်းသွားလာမှုနှင့် စပ်လျဉ်းသော ကမ္ဘာလုံး ဆိုင်ရာသဘောတူညီချက်ကို အကောင်အထည် ဖော်ရာတွင်လူ့အခွင့်အရေးကို အခြေခံ၍အမျိုးသမီး အခွင့်အရေး အလေးထားဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ လည်းကောင်း၊ အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးသို့လည်းကောင်း၊ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်နှင့် ဂျီနီဗာမြို့အခြေစိုက် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသို့လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။