အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခြင်း

   အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လက်ရှိ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသော တီမောလက်စ်တေ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် ကော်မရှင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ တီမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့တွင် ကျင်းပသော အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေး၌ ဖိုရမ်၏ ၂၀၁၇-၂၀၂၁ မဟာဗျူဟာစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များ၊ အဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် ဆောင်ရွက် ချက်များ၊ မသန်စွမ်းသူများ အခွင့်အရေး နှင့် LGBTI အခွင့်အရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက် များ၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဘာသာရပ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရွှေ့ပြောင်း သွားလာသူများအခွင့်အရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဖိုရမ်နှင့် Raoul Wallenberg Institute (RWI) တို့ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့ အစည်း အဝေးနှင့် ၂၀၁၉ ခုနှစ် ဖိုရမ်နှစ်ပတ်လည်အစည်းအဝေး ကျင်းပ ရန်ကိစ္စရပ်များနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

လူ့အခွင့်အရေးအခြေခံသင်တန်းအမှတ်စဉ် (၃) ဖွင့်လှစ်ခြင်း

         လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိနားလည်လာပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ် ခွင့်များအပေါ် လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန်နှင့် နိုင်ငံသားတိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေးစံနှုန်းများ မြင့်မားသော လူ့ဘောင်ပေါ်ထွန်းရေး ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး အခြေခံသင်တန်းများကို ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းအမှတ်စဉ် (၃)ကို ကော်မရှင် ရုံး တည်ရှိရာ အမှတ် (၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၂၉-၄-၂၀၁၉ ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ သင်တန်း ကာလမှာ ၂ပတ် ကြာမြင့်မည်ဖြစ်ပြီး ၁၃-၅-၂၀၁၉ ရက်နေ့ထိ လူ့အခွင့်အရေးကို စိတ်ပါဝင်စားသည့် ကဏ္ဍပေါင်းစုံမှ ပြည်သူများ ဝင်ခွင့် လျှောက်ထား တက်ရောက်လျက်ရှိပါသည်။ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း အပါအဝင် စုစုပေါင်းဘာသာရပ် ၁၇ ခု ကို ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ကော်ရှင်ရုံးမှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ ဘာသာရပ် ကျွမ်းကျင်သူများက ပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းသို့  သင်တန်းသား  (၂၁) ဦး၊ သင်တန်းသူ ( ၃၃ ) ဦး တက်ရောက်လျက်ရှိပြီး  သင်တန်းကြေးမှာ အခမဲ့ ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဗန်းမော်၊ ရွှေကူနှင့် မိုးမောက်မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ ရွှေကူနှင့် မိုးမောက်မြို့များသို့  သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး တို့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မြို့တော်ခန်းမ၌ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ ရပ်မိ/ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၆၈) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

          အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရွှေကူမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ ရပ်မိ/ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၂၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

          ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး တို့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မိုးမောက်မြို့သို့ ဆက်လက်သွားရောက်၍ နံနက် ၉:၀၀ နာရီ အချိန်၌ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မိုးမောက်မြို့မှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ ရပ်မိ/ ရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၁၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေး ဆိုင်ရာ အခြေခံ အယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများအကြောင်းကို လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲများအတွင်း တက်ရောက်လာသူများက မေးမြန်းသည့်ခဲ့ကြသည့် မေးခွန်းများ၌ လူတိုင်း နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိခြင်းဟူသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် ၁၅ နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် တွင် မည်သို့သောပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကို လည်းကောင်း၊ နိုင်ငံအချို့က လူ့အခွင့် အရေးကိုအသုံးချ၍ မိမိတို့နိုင်ငံအား တိုက်ခိုက်လာနိုင်သည့် အခြေအနေနှင့် မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ မိမိနိုင်ငံအားစွပ်စွဲလာပါက ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်အစိုးရ အနေဖြင့်သော်လည်းကောင်း၊ ကော်မရှင်အနေဖြင့်သော် လည်းကောင်း ပြင်ဆင်ထားခြင်းရှိမရှိနှင့် မရှိသေးပါက ကြိုတင်ပြင်ဆင်ထားရန် စသည်တို့ အပါအဝင် မေးခွန်းမေးမြန်းမှုများအပေါ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။

          ဤဒေသနှင့်ဆက်စပ် နယ်မြေများမှာ ယခင်က လုံခြုံရေး အားနည်းခဲ့သော ဒေသများ ဖြစ်ခဲ့သော်လည်း ယခုအခါ နယ်မြေအေးချမ်းလုံခြုံမှုရရှိနေပြီဖြစ်၍ ဒေသဖွံ့ဖြိုးလာကြောင်း တွေ့ရှိရ ပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ပြည်သူများ အကြား လူ့အခွင့်အရေး ဗဟုသုတများတိုးပွားလာစေရန်၊ လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာ သိရှိ နားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေး ဟောပြောပွဲများကို ဤဒေသကဲ့သို့ပင် နယ်မြေဒေသအသီးသီး၌ ဆက်လက်ပြုလုပ် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

သီပေါ၊ လားရှိုး အကျဉ်းထောင်များ၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများနှင့် နေရပ် ခေတ္တစွန့်ခွာလာသူများအား နေထိုင်ရာ နေရာများကို ကြည့်ရှုစစ်ဆေးခြင်း

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့ သည် ၂၃-၄-၂၀၁၉ ရက်နေ့တွင် အကျဉ်းဦးစီးဌာနအောက်ရှိ သီပေါအကျဉ်းထောင်နှင့် သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများ ကို လည်းကောင်း၊ ၂၅-၄-၂၀၁၉ ရက်နေ့တွင် လားရှိုးမြို့မရဲစခန်းနှင့် လားရှိုးအကျဉ်းထောင်ကို ဝင်ရောက်၍ အကျဉ်းသားအိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စားဖိုကြီး၊ တိုက်ခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ ၂၅ ဦးကို တစ်ဦးချင်းတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊ အချုပ်သား၊ အကျဉ်းသား များနှင့် အဖွဲ့လိုက် ၁၄နေရာခွဲ၍တွေ့ဆုံပြီး အခက်အခဲများ မေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားဓမ္မ စာအုပ်များ၊ ဗလာစာအုပ်များ လှူဒါန်းခြင်း မိခင် အကျဉ်းသူများနှင့်အတူ ပါရှိလာသော ကလေးငယ်များကို သရေစာမုန့်များ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပြီး ပြုပြင်ရန်ရှိသည်များအား သက်ဆိုင်ရာဌာနသို့ ပေးပို့ အကြံပြုသွားမည် ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင်အချို့၏ လူသစ် စုဆောင်းမည်ကို စိုးရိမ်၍ လားရှိုး မြို့နယ်၊ လွယ်စပ်ကျေးရွာမှ နေရပ်ကို ခေတ္တစွန့်ခွာလာသူ အိမ်ထောင်စု ၃၄ စု၊ လူဦးရေ ၁၄၄ ဦးတို့ကို ၂၆-၄-၂၀၁၉ ရက်နေ့တွင် ၎င်းတို့ ခေတ္တနေထိုင်ရာ လားရှိုးမြို့၊ ရပ်ကွက်ကြီး (၁၂) သို့ သွားရောက်တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်း လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ရဝမ်နှင့် လီဆူဘာသာများသို့ ဘာသာပြန်ဆို ပုံနှိပ်ပြီး ဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း

      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR) အား တိုင်းရင်းသားဘာသာများဖြင့် ဘာသာ ပြန်ဆိုပြီးပုံနှိပ် ဖြန့်ချိလျက်ရှိပါသည်။ ယခုအခါ ထပ်မံ၍ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အား လီဆူဘာသာရပ်သို့ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ခရစ်ယာန် ဆီမီးစာပေတို့မှ လည်း ကောင်း၊ ရဝမ် ဘာသာရပ်သို့ ရဝမ်စာပေ ကော်မတီမှလည်းကောင်း ပြန်ဆိုခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အတည်ပြုပြီးဖြစ်ပါသည်။ အဆိုပါ အတည်ပြုထားသော ဘာသာပြန်စာတမ်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ရန်ပုံငွေဖြင့် ဘာသာတစ်မျိုးလျှင် အုပ်ရေ (၅၀၀၀) စီ ရိုက်နှိပ်ခဲ့ပြီးဖြစ်ပါသည်။

     ဘာသာပြန်ဆို ပုံနှိပ်ပြီးဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (လီဆူ) နှင့် ကမ္ဘာ့ လူအခွင့်အရေး ကြေညာစာတမ်း(ရဝမ်)များအား သက်ဆိုင်ရာ တိုင်းရင်းသားများသို့ ဝေငှဖြန့်ချိ နိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ပေးပို့သွားမည်ဖြစ်ပါသည်။

    ယနေ့အချိန်ထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR)အား တိုင်းရင်းသား ဘာသာ(၁၄) မျိုးဖြင့် ပုံနှိပ် ဖြန့်ချိပြီးဖြစ်ပါသည်။

ကော်မရှင်နှင့် Good Neighbors International (GNI) တို့အကြား လက်မှတ်ရေးထိုး

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Good Neighbors International (GNI) တို့အကြား  လူ့အခွင့်အရေးမြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် Child Rights Poster ထုတ်ဝေခြင်း၊ UDHR Documentary Video ရိုက်ကူးဖြန့်​ဝေခြင်းနှင့် ​​ကော်မရှင်ရုံးဝန်ထမ်းများအား Puppet Show Training ​ပေးခြင်း လုပ်ငန်းများတို့ကို ​ပူးတွဲဆောင်ရွက်သွားမည့်  Letter of Cooperation, LOC လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံးရှိ Conference Room တွင် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုယ်စား လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ဒေါက်တာခိုင်ခိုင်ဝင်း (ညွှန်ကြားရေးမှူး)နှင့်  Good Neighbors International (GNI) မှ Country Director Mr. Eun Chang Jang တို့မှ လက်မှတ်​​ရေးထိုးကြပါသည်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ၊ အဖွဲ့ဝင် ဦးခင်မောင်လေး၊ အဖွဲ့ဝင် ဦးညွန့်တင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်နှင့် Good Neighbors International (GNI) မှ Country Director Mr. Eun Chang Jang ၊ Program Manager ဒေါ်အေးနုအောင် ၊  Sponership Manager  Mr. Honest Tar Mao တို့ တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

နေရာ။ ရန်ကုန်မြို့ ။

လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး လူ့အခွင့်အရေး အခြေခံ သင်တန်း အမှတ်စဉ် (၂) ကို ၂၀၁၉ခုနှစ် မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်း၏ သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တည်ရှိရာ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို၌ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ သင်တန်းသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ် (၁၈) ခု သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲ မတိုင်ခင် မေးခွန်းများ မေးမြန်းခြင်း အပိုင်းတွင် သင်တန်းသားများမှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅) နှင့် စပ်လျဉ်း ၍လည်းကောင်း၊ တရားရုံး တွင် တရားရှုံးသွားသည့်အခါ ကော်မရှင်ကို တိုင်တန်းလို့ ရ/မရနှင့် အလုပ်ခေါ်ယူရေး အလုပ်လျှောက်လွှာများတွင် အသက် (၂၅) နှစ် အထက် ကျော်လွန် ပါက  အလုပ်ခန့်ထားမှုမရှိခြင်းကြောင့် အလုပ်အကိုင်လျှောက်ထားရာတွင် အခက်အခဲများရှိနေပါ ကြောင်းစသည့် မေးခွန်းများကို မေးမြန်းခဲ့ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်တို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သူ ဦးမင်းကျော်ဝေမှ ကျေးဇူးတင်စကား ပြောကြားရာတွင် သင်တန်း သားများအနေနှင့် ယခင်က လူ့အခွင့်အရေး ဗဟုသုတနှင့် စပ်လျဉ်းပြီး သိရှိထားမှု နည်းပါခဲ့ ပါကြောင်း၊ သို့သော်လည်း သင်တန်းတက်ရောက်ပြီး နောက်ပိုင်းလူ့အခွင့်အရေး ဗဟုသုတ များစွာ တိုးတက်လာသည့်အတွက် အချိန်ပေးပြီး သင်တန်းဖွင့်လှစ် ပေးသည့် ကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းတာဝန်ရှိသူများအား သင်တန်းသူ/သားများကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။ ၄င်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးယုလွင်အောင်၊ ဦးခင်မောင်လေး၊ ဦးညွှန့်တင်နှင့် ခေတ္တ ညွှန်ကြားရေးမှူး ချုပ် ဦးဘုန်းကြွယ်တို့မှ သင်တန်းသူ/သား (၄၇) ဦးတို့အား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြ ပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား နံနက် (၉)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူ စာချုပ်နှင့်စပ်လျဉ်း၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကျင်းပခြင်း

           ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR ) နှင့် စပ်လျဉ်း၍ အရပ်ဘက်အဖွဲ့အစည်းများအား အသိပညာပေးဆွေးနွေးပွဲကို  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် Democracy Reporting International (DRI) အဖွဲ့အစည်းတို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့ သည်။

       ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ ICCPR နှင့် စပ်လျဉ်း၍ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်သည့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်မှ Prof. Vitit Muntarbhorn၊ DRI မှ ဌာနေ ကိုယ်စားလှယ်နှင့် ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က Input Presentation: Process for Ratification, Myanmar Perspective ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Prof. Vitit Muntarbhorn က ICCPR ၏ အပိုဒ်အချို့နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက်ရောက်ကြသည့် ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။