ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၌ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ခိုင်ခိုင်ဝင်းနှင့် UPR နှင့် စပ်လျဉ်း၍ အဓိက ဆောင်ရွက်လျက်ရှိသော အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၃) ဦး တက်ရောက်ခဲ့ကြ သည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက UPR လုပ်ငန်းစဉ်တွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အစီရင်ခံစာတင်သွင်းခြင်း အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက UPR အစီရင်ခံစာတင်သွင်းရေးအတွက် ၎င်းတို့၏ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

လူ့အခွင့်အရေး အဆင့်မြင့် သင်တန်းအမှတ်စဉ် (၂) ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖွင့်လှစ်သည့် လူ့အခွင့်အရေး အဆင့်မြင့် သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်း၊ (၆)မိုင်ခွဲ၊ အမှတ်(၂၇) ရှိ ကော်မရှင် ရုံး၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က အဆင့်မြင့်သင်တန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သင်တန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်း က သင်တန်း ဆိုင်ရာသိသင့်သည့်အချက်များကို လည်းကောင်း ရှင်းလင်း ပြောကြား သည်။

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၇ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ စတင်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ တစ်လတာကြာမြင့်မည်ဖြစ်ကာ နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီအထိ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

လူ့အခွင့်အရေး အခြေခံအယူအဆများကို မှန်ကန်စွာပိုမိုသိရှိနားလည်လာပြီး လူ့အခွင့်အရေး များနှင့် အခြေခံ လွတ်လပ်ခွင့်များ အပေါ် လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသား တိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့် အရေး စံနှုန်းများ မြင့်မားသော လူ့ဘောင်ပေါ်ထွန်းရေးကို အထောက်အကူဖြစ်စေရန်နှင့် လူ့အခွင့်အရေး အသိပညာ ပြန့်ပွားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်ကာ အဆိုပါသင်တန်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်က ဖွင့်လှစ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး အသိပညာများ မြင့်မားလာစေရန် ရည်ရွယ်ပြီး ခရိုင်၊မြို့နယ်များတွင် သာမက ကျေးလက်ဒေသ နေ ပြည်သူများအကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြော ပွဲများ ကျင်းပပြုလုပ် နေသကဲ့သို့ လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းစဉ်၏ အရှိန်အဟုန်ကို ပိုမိုတိုးမြှင့်ချဲ့ထွင်သည့် အနေဖြင့် လူ့အခွင့်အရေးအခြေခံသင်တန်းကိုလည်း အမှတ်စဉ်(၁) မှ (၅) အထိ ဖွင့်လှစ်ခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေး အခြေခံသင်တန်းဆင်းပြီးသူများအတွက် ပိုမိုကျယ်ပြန့်သော လူ့အခွင့် အရေးဆိုင်ရာများ တိုးမြှင့် သိရှိ နိုင်စေရန် လူ့အခွင့်အရေး အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁) ကို ဇွန်လအတွင်းက ဖွင့်လှစ်ပို့ချခဲ့ပြီး ယနေ့တွင် အဆင့်မြင့် သင်တန်း အမှတ်စဉ် (၂) ကို ဖွင့်လှစ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့၊ ရွာလွတ်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နှင့် သံပုရာကျေးရွာများတွင် ရပ်ရွာလူထု အတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစား လိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့၊ ရွာလွတ်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နှင့် သံပုရာ ကျေးရွာများတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများ ကျင်းပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီမှ ၁၆:၃၀ နာရီ အထိ မွန်ပြည်နယ်၊  ချောင်းဆုံမြို့၊ ကျွန်းသာယာခန်းမတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် က လူ့အခွင့်အရေး အခြေခံအယူအဆများအကြောင်းနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များအကြောင်းကိုလည်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စား သူများ စုစုပေါင်း အင်အား   ၈၉ ဦး တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲများတွင် တက်ရောက် လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၀၉း၃၀ နာရီမှ ၁၂:၃၀ နာရီ အထိ မွန်ပြည်နယ်၊  ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ ခန်းမတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ကလေးသူငယ်အခွင့်အရေး အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် အမျိုးသမီးအခွင့် အရေး အကြောင်းကို လည်းကောင်း၊ Educator ဦးကောင်းခန့်ဇင်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များ အကြောင်း ကိုလည်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ရပ်မိရပ်ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စား သူများ စုစုပေါင်း အင်အား   ၁၀၂ ဦး တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများ တွင် တက်ရောက်လာ သူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။ ဆွေးနွေး ပွဲအပြီးတွင် ရွာလွတ်ကျေးရွာမှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါ သည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၀၉း၃၀ နာရီမှ ၁၂:၃၀ နာရီ အထိ ကရင်ပြည်နယ်၊  ကြာအင်းဆိပ်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ရပ်ရွာလူထု အတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိ ပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံ အယူ အဆများနှင့် အမျိုးသမီး အခွင့်အရေးအကြောင်းကို လည်းကောင်း၊ Educator ဦးကောင်းခန့် ဇင်က ကလေးသူငယ်အခွင့်အရေးအကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ခဲ့ကြပါ သည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၁၅၈ ဦး တက် ရောက်ခဲ့သည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၃း၃၀ နာရီမှ ၁၆:၃၀ နာရီ အထိ ကရင်ပြည်နယ်၊  ကြာအင်းဆိပ်ကြီးမြို့၊ သံပုရာကျေးရွာ၊ သုံပုရာကျေးရွာ ဘုန်းတော်ကြီး ကျောင်းခန်းမတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးနှင့် အမျိုး သမီးအခွင့် အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေး ပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင် ထူးက လူ့အခွင့် အရေး အခြေခံအယူ အဆများနှင့် အမျိုးသမီးအခွင့်အရေးအကြောင်းကို လည်း ကောင်း၊ Educator ဦးကောင်းခန့်ဇင်က ကလေးသူငယ်အခွင့်အရေးအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များအကြောင်း ကိုလည်း ကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ဝင်များ နှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၁၄၂ ဦး တက် ရောက်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်သူအများ လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိစေရန်၊ မှန်ကန်စွာ ကျင့်သုံးတက်စေရန် ရည်ရွယ်၍ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့၊ ရွာလွတ်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နှင့် သံပုရာကျေးရွာ များတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုကဲ့သို့သော ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။