အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင် အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖိုရမ်၏ ၂၀၂၀ ပြည့်နှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်၍ Video Conferencing ပုံစံဖြင့် ကျင်းပသွားရန်စီစဉ်ထားရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့တွင် ဖိုရမ် လုပ်ငန်းအဖွဲ့အစည်းအဝေး၏ ပထမနေ့အစည်းအဝေး ကို Video Conferencing ပုံစံဖြင့် ကျင်းပခဲ့ပြီး  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင် တက်ရောက်ခဲ့ကြကာ အခြားဖိုရမ်အဖွဲ့ဝင်များဖြစ်သည့် မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံတို့မှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း ကိုယ်စားလှယ် များ၊ အင်ဒိုနီးရှားနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားရာ၌ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကို Video Conferencing ပုံစံဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း၊ ဖိုရမ်အနေဖြင့် Video Conferencing ပုံစံဖြင့် အစည်းအဝေးကျင်းပခြင်းမှာ ယခုအကြိမ် သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ပါဝင်တက်ရောက်ကြသည့် ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များကို ကျေးဇူးတင်ပါကြောင်း စသည်ဖြင့် ပြောကြား ပါသည်။

ဆက်လက်၍ ဖိုရမ် ၁၆ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အပြီး ဖိုရမ်အဖွဲ့ဝင်များ၏ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် တိုးတက်ဆောင်ရွက်ချက်များကို ဖိုရမ်အဖွဲ့ဝင် ကော်မရှင်များက တင်ပြ ဆွေးနွေးကြရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးပေါ်လွင်စိန်က “ဖိုရမ်၏ (၁၆) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးအပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ တိုးတက်ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ဖိုရမ်အဖွဲ့ဝင် ကော်မရှင်များက တင်ပြဆွေးနွေးကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကို ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့ပါသည်။

ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် Video Conferencing ပုံစံဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

DSC01374

အပစ်အခတ်ရပ်စဲကြောင်းကြေညာချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် (၄ / ၂၀၂၀)

၁။      မြန်မာ့တပ်မတော်က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုများ အခြေပြုလှုပ်ရှားသော နေရာဒေသ များအဖြစ် သတ်မှတ်ထားသည့် နယ်မြေများမှအပ အခြားနယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ကြောင်း ဖော်ပြကြေညာ ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ အကြောင်းနှစ်ရပ်ရှိပြီး ပထမအချက်မှာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် တားဆီးကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်စေရန်နှင့် ဒုတိယအချက်မှာ ထာဝရငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ရန် ဖြစ်သည်။

 

၂။       မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ယင်း အခက် အခဲကြောင့် တစ်နိုင်ငံ လုံး၏ လူမှုစီးပွားဘဝကို ဆိုးကျိုးသက်ရောက်မှုများအပေါ် နိုင်ငံတစ်ဝှမ်းလုံးက တက်တက်ကြွကြွ ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခါသမယတွင် တပ်မတော်၏ ယခုကဲ့သို့ အခါသင့်စွာ ဆောင်ရွက်မှုသည် အမျိုးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်  လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ အခက်အခဲအပေါ် အပြီးသတ်အောင်မြင်မှုရရှိရန် အတွက် အကျိုးပြုနိုင်မည်ဖြစ်သဖြင့် ကြိုဆိုပါသည်။

 

၃။      လက်ငင်းအကျိုးဖြစ်ထွန်းမှုများအနေဖြင့် အပစ်အခတ်ရပ်စဲမှုသည် ယာယီအားဖြင့် ဖြစ်သော်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများသည် ငြိမ်းချမ်းမှုကို မျက်မြင်ကိုယ်တွေ့ ရရှိခံစား နိုင်မည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် အဆိုပါဒေသများရှိ လူမှုအသိုင်းအဝိုင်းများသည်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းရပ်များကို ပိုမို အာရုံစိုက်လုပ်ဆောင်လာ နိုင်မည်ဖြစ် ပါသည်။ ထို့ပြင် လတ်တလောတွင် ပဋိပက္ခဒဏ်ခံစားရသည့် ဒေသများ၌ အခြေအနေများ တည်ငြိမ်အေးချမ်း သွားသဖြင့် အဆိုပါ ဒေသများ၌ နေထိုင်သော လူမှုအသိုင်းအဝိုင်းများအတွက် အရေးပေါ် လိုအပ် လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံပိုးကူညီရန် ပိုမို လွယ်ကူလာစေ နိုင်မည်ဟု ကော်မရှင်က ရှုမြင်ပါသည်။

 

၄။      ကော်မရှင်အနေဖြင့် အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း အပြုသဘောဆောင်သော သက်ရောက်မှုများ ရရှိမည်ဟု မျှော်မှန်းထားသည်။ ယင်းကဲ့သို့ အပြုသဘောသက်ရောက်မှုများ ရရှိပြီး သက်ဆိုင်သည့် အစုအဖွဲ့များအားလုံးက ကျေနပ်လက်ခံကြသည့်အခါ မိမိတို့အနေဖြင့် မဝေးတော့သည့် အနာဂတ်တွင် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်များ ထပ်မံဖြစ်ပေါ်စေရန် မျှော်လင့်နိုင်မည်ဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်နိုင်ရေးအတွက် လမ်းစ ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ  ၁၁    ရက်