မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ အကျဉ်းထောင်၊ အလုပ်စခန်းများ၊ အချုပ်ထောင်၊ အချုပ်ခန်းများကြည့်ရှုစစ်ဆေးခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  ၁၅-၇-၂၀၂၀ ရက်နေ့တွင် ရမည်းသင်း အကျဉ်း ထောင်၊ ရမည်းသင်းမြို့ပေါ်ရှိ တရားရုံး၊ ဆေးရုံ၊ ရဲစခန်းအချုပ်ခန်းများကို လည်းကောင်း၊ ၁၆-၇-၂၀၂၀ ရက်နေ့တွင် ကင်းသာ(၁ ၊ ၂) ကုန်ထုတ်စခန်းများကို လည်းကောင်း၊ ၁၇-၇-၂၀၂၀ ရက်နေ့တွင် ပျဉ်းမနားမြို့မရဲစခန်း အချုပ်ခန်း၊ နေပြည်တော် အချုပ်ထောင်တို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများအတွင်းရှိ အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ ရိက္ခာ ဂိုထောင်တွင် ပစ္စည်းများ ထားရှိမှု၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေ နှင့် သုံးရေကန်များ၊ မိလ္လာများ၊ ထောင်ဝင်စာအခန်းများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်ထားရှိမှုတို့ကို လှည့်လည်၍ ကြည့်ရှု စစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသူအကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူ များနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှုခံရခြင်း ရှိ မရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ ကုန်ထုတ်စခန်းများတွင် အလုပ်ချိန် အတိုင်း ခိုင်းစေမှု၊ နေထိုင်စားသောက်ရေး အခြေအနေများ၊ အကျဉ်းထောင်အတွင်း အခြေခံ လူ့အခွင့်အရေးများ ရရှိမှု ရှိ မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သားများကို တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်း၊ ရမည်းသင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေ သော အကျဉ်းသား၊ အကျဉ်းသူတို့ကို တွေ့ဆုံ၍ အခက်အခဲများ မေးမြန်း၍ လိုအပ်သည်များကို ဆေးရုံအုပ်ကြီး၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက် ခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ကြည့်ရှုစစ်ဆေးချိန်တွင်လည်း ချက်ချင်းပြုပြင်ရန် ရှိသည်များ ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးခြင်း

၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင် သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ရုံးဝန်ထမ်းများ လိုက်ပါ၍ ၈-၇-၂၀၂၀ ရက်နေ့နှင့် ၉-၇-၂၀၂၀ ရက်နေ့များတွင် အကျဉ်းဦးစီးဌာန လက်အောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ ရိက္ခာဂိုထောင်တွင် ပစ္စည်းများထားရှိမှု၊တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ၊ ထောင်ဝင်စာအခန်းများ နှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်ထားရှိမှုတို့ကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသူအကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှု ခံရခြင်း ရှိ မရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိ မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါသည်။

၃။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

 

ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော မြို့နယ်ရဲတပ်ဖွဲ့မှူးသင်တန်း အမှတ်စဉ် (၆၁/၂၀၂၀) တွင် သင်ခန်းစာသွားရောက်ပို့ချခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့သည် ၈-၇-၂၀၂၀ ရက်‌နေ့ မွန်းလွဲ ၁၂း၃၀ မှ ၁၅း၄၀ နာရီအထိ ရဲအရာရှိအတတ်သင်ကျောင်း (မန္တ‌လေး) ၌ ဖွင့်လှစ်လျက်ရှိသော မြို့နယ်ရဲတပ်ဖွဲ့ မှူးသင်တန်း အမှတ်စဉ် (၆၁/၂၀၂၀) တွင် သင်ခန်းစာသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်း တွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် က ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲလက်စွဲ (ဒုတိယတွဲ) အား လူ့အခွင့်အရေး ကြေညာ စာတမ်းနှင့် နှိုင်းယှဉ်သုံးသပ်ချက်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအကြောင်းကိုလည်းကောင်းစသည့် သင်ခန်းစာများ ပို့ချခဲ့ကြပါသည်။ သင်တန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး စုစုပေါင်း (၄၉) ဦး တက်ရောက်ခဲ့ကြပါသည်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်ခြင်း

       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို Video Conferencing ဖြင့် တက်ရောက်ခဲ့ပါသည်။

Disability Inclusion Training ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ၊ ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်းပါ အခွင့်အရေးများကို မြှင့်တင် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသော လူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ပါ အခွင့်အရေးများ အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း တစ်စိုက်မတ်မတ် ဆောင်ရွက် လျက်ရှိပါသည်။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြည်သူများအကြား ကွင်းဆင်း၍ လူ့အခွင့် အရေးမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်ရှိနေစဉ်အတွင်း ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် New Normal အတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ယင်း ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သင်တန်း (Disability Inclusion Training) ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် ကော်မရှင်ရုံး၌ ၂-၇-၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂-၇-၂၀၂၀ ရက်နေ့တွင် ကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းကို ကော်မရှင်ရုံးတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က မသန်စွမ်းသူများ အခွင့်အရေး အခြေအနေများကို နှစ်ရက်တာ ဆွေးနွေးပို့ချသွားမည် ဖြစ်ပြီး ကော်မရှင်ရုံးဝန်ထမ်း (၃၀) ဦးက Social Distancing နည်းလမ်းများနှင့် အညီ တက်ရောက်သွားမည် ဖြစ်ပါသည်။