အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများဖိုရမ်(Southeast Asia National Human Rights Institutions Forum-SEANF)၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို Video Conferencing စနစ် အသုံးပြု၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၇ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပ ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း နှင့် ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင်သန်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး ပထမနေ့တွင် ၂၀၂၀ ပြည့် နှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် အခြား ဖိုရမ်အဖွဲ့ဝင်များဖြစ်သည့် မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။

   အစည်းအဝေး ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား ခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကျင်းပခဲ့သော ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး အစီရင်ခံစာနှင့် စပ်လျဉ်း၍ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့များက ဝိုင်းဝန်းဆွေးနွေးအတည်ပြုခြင်း၊ ထို့နောက် ဖိုရမ်အဖွဲ့ဝင် နိုင်ငံများက ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဆောင်ရွက်နိုင်မှုများကို ကိုယ်စားလှယ်အဖွဲ့များက တင်ပြဆွေး နွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

        ဒုတိယနေ့ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဆက် လက်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF) ၏ social media အသုံးပြုမှု လမ်းညွှန်ချက်များ ချမှတ်ရေးနှင့် စပ်လျဉ်း သည့် ကိစ္စရပ်များ၊ SEANF ၏  ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး လမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊  အရှေ့တောင် အာရှဒေသအတွင်း ရွှေ့ပြောင်းလုပ်သားများနှင့် စပ်လျဉ်းသော ဖိုရမ်၏ စာတမ်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များနှင့်  လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးရေးနှင့် စပ် လျဉ်းသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

         ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် လုပ်ငန်းအဖွဲ့အစည်းအဝေး တတိယနေ့ကို ဆက်လက်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF)၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရေးကိစ္စ၊ SEANF Website တည်ထောင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ တင်ပြ ဆွေးနွေးခြင်း၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) နှစ်ပတ်လည်အစည်းအဝေး (၂၀၂၀) ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) နှင့် လူ့အခွင့် အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင်(AICHR) အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များနှင့်ပတ်သက်၍ အစည်းအဝေးတွင် ဘာသာရပ်များအပေါ် မူတည်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို နေ့လယ်ပိုင်းတွင် သဘာပတိအဖွဲ့က နိဂုံးချူပ် ပြောကြား၍ ပြီးဆုံးခဲ့ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။      ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၇ ရက်

အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံအချုပ်ခန်းတို့ အား ကြည့်ရှုစစ်ဆေးခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၁၉-၈-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အချုပ်ထောင်၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများ ကိုလည်းကောင်း၊ ၂၀-၈-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကျဉ်းထောင်၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်း များကိုလည်းကောင်း၊ ၂၁-၈-၂၀၂၀ ရက်နေ့တွင် ဘားအံမြို့မရဲစခန်းအချုပ်ခန်းနှင့် မာလာဖူး ကုန်ထုတ်စခန်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 ၂။      ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသားများ ကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ဖြစ်သော ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံး အဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင် အတွင်း ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိနှင့် နေထိုင် စားသောက်မှု အခြေအနေများစသည့် အခြေခံ လူ့အခွင့်အရေး အခြေအနေများကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ မှတ်တမ်းတင်ခဲ့ကြ ပါသည်။

၃။      အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းများကို ဝင်ရောက်ကာ အကျဉ်းသား အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင် များ၊ စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်

 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ကော်မရှင်အဖွဲ့ဝင်များမှ တွေ့ဆုံခြင်း

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်​စိုးတို့ ဦးဆောင်သောအဖွဲ့သည် ဘားအံ အကျဉ်း​ထောင်၊ မာလာဖူးကုန်ထုတ်စခန်း၊ လက္ခဏစိုက်ပျိုးမွေးမြူရေးစခန်း၊ ဘားအံမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်တွင် ၂၀-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်း၌ ကရင်​ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တွေ့ဆုံ၍ ကရင်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှု စစ်ဆေးမှု အခြေအနေများ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပွားသည့်နေရာများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေးမှုအခြေအနေ၊ လူ့အခွင့် အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICCPR) စာအုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်နေ့

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ကော်မရှင်အဖွဲ့ဝင်များမှ တွေ့ဆုံခြင်း

       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်​စိုးတို့ ဦးဆောင်သောအဖွဲ့သည် မော်လမြိုင်မြို့ရှိ အချုပ်ထောင်၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်တွင် ၁၉-၈-၂၀၂၀ ရက်နေ့ ညနေပိုင်း၌ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား တွေ့ဆုံ၍ မွန်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ တရားရုံးအချုပ် ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှု အခြေအနေများ၊ လူ့အခွင့်အရေးနှင့် စပ်လျဥ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှု များကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူအခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘော တူစာချုပ် (ICCPR) စာအုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်

ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော မှုခင်းမှတ်တမ်း (အရာရှိ) သင်တန်းအမှတ်စဉ် (၁၆/၂၀၂၀) တွင် သင်ခန်းစာသွားရောက်ပို့ချခြင်း

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာတို့သည် ၁၇-၈-၂၀၂၀ ရက်‌နေ့ နံနက် ၁၀း၃၀ မှ ၁၄း၄၀ နာရီအထိ ရဲအရာရှိအတတ်သင်ကျောင်း (မန္တ‌လေး) ၌ ဖွင့်လှစ်လျက်ရှိသော မှုခင်းမှတ်တမ်း (အရာရှိ) သင်တန်းအမှတ်စဉ် (၁၆/၂၀၂၀)တွင် သင်ခန်းစာသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး က လူ့အခွင့်အရေးအခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေး မှူး ဦးကျော်စွာက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း၊ ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး နှင့် ရဲလုပ်ငန်းအကြောင်းကိုလည်းကောင်း စသည့် သင်ခန်းစာများ ပို့ချခဲ့ကြပါသည်။ သင်တန်းသား စုစုပေါင်း (၉၈) ဦး တက်ရောက် ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး အဖွဲ့ မြင်းခြံဗဟိုအကျဉ်းထောင်၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၃-၈-၂၀၂၀ ရက်နေ့တွင် မြင်းခြံဗဟို အကျဉ်းထောင်နှင့် မြင်းခြံမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်ထားရှိမှုတို့ကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့် အရေး ဖောက်ဖျက် ခံရခြင်း ရှိ မရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ နေထိုင်စားသောက်ရေး အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများ၊ အကျဉ်းထောင်အတွင်း အခြေခံ လူ့အခွင့် အရေးများ ရရှိမှု ရှိ မရှိစသည့် အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်း မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သား၊ အချုပ်သူများ ကို တွေ့ဆုံ၍ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု ရှိ မရှိနှင့် အခြား ကြုံတွေ့ရသည့် အခက်အခဲများအား မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၄ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

၁။      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာစည်ကျေးရွာအုပ်စု၊ ရွာစည်ကျေးရွာ၊ မြင်းခြံ- ညောင်ဦး ကားလမ်းဘေးရှိ သုဿန် အဖြစ် အသုံးပြုထားသော မြေဧရိယာ (၁.၄၈) ဧကနှင့် စပ်လျဉ်း၍ လယ်ယာမြေ အငြင်းပွားခဲ့မှုအပေါ် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် တာဝန်ခံမိတ္တူမှန်ကို တင်ပြတောင်းခံခဲ့သော်လည်း မရရှိသဖြင့် တိုင်တန်းသူတို့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားနိုင်မည့် ဥပဒေပါအခွင့်အရေး ဆုံးရှုံးနေရကြောင်း ဟုဆိုကာ ကော်မရှင်သို့ တိုင်တန်း ချက် ပေးပို့လာခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၀-၈-၂၀၂၀ ရက်နေ့မှ ၁၂-၈-၂၀၂၀ ရက်နေ့ထိ မြင်းခြံမြို့သို့ သွား‌ရောက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

၂။       ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၀-၈-၂၀၂၀ ရက်နေ့ညနေပိုင်းတွင် တိုင်တန်းသူ(ပါ) ၄ ဦး တို့အား လည်းကောင်း၊ ၁၁-၈-၂၀၂၀ ရက်နေ့နှင့် ၁၂-၈-၂၀၂၀ ရက်နေ့များတွင် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လည်းကောင်း မေးမြန်း မှတ်တမ်း တင်ခဲ့ခြင်းနှင့် အချင်းဖြစ်မြေနေရာသို့ ကွင်းဆင်းကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်များကို အခြေခံ၍ သုံးသပ် ချက်နှင့် အကြံပြုချက်များကို ကော်မရှင်သို့တင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ပါ သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂  ရက်