မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြစ်ကြီးနားမြို့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့ သွားရောက်ခြင်း

၃​၀ ဒီဇင်ဘာ ​၂​၀​၁​၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒေါ်မြမြ နှင့် ကော်မရှင်ရုံးမှ အရာထမ်း (၂) ဦးပါ အဖွဲ့သည် ကချင် ပြည်နယ်ရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ဖွင့်လှစ် ပို့ချရန်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာလ(၂၇)ရက်နေ့ တွင်ရောက် ရှိခဲ့ပါသည်။

ကော်မရှင်အဖွဲ့သည် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးသည့် ငွေပျော်စံပြ ကျေးရွာ နှင့် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများဖြစ်သည့် စီတာပူဆွတ် ငိုင်တောင် နှင့် ဂျာမိုင်ကောင်းအာရ်စီ၊ ဝိုင်းမော်မြို့ရှိ သာဂရ သရက်တော ကယ်ဆယ်ရေးစခန်း၊ စိန်ဂျိုးဇက် မိုင်းနားယာယီတည်းခိုစခန်းများသို့သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းများမှ ပြည်သူများနှင့် ကလေးများ၏ ကျန်းမာရေး၊ ပညာရေး နှင့် အခြေခံလိုအပ်ချက်အား တွေ့ဆုံမေးမြန်း ဆွေးနွေးခြင်း၊ အားပေးစကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကြပါသည်။