နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာရပ်ခံတင်ပြသည့် အိတ်ဖွင့်ပေးစာ

နိုင်ငံတော်သမ္မတခင်ဗျား-
၁။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကျဉ်းထောင်အတွင်း၌ ရှိနေသူများအား လွှတ်ပေးရေးကိစ္စနှင့်ပတ်သက်ပြီး တည်ဆဲဥပဒေကို ချိုးဖောက်လာသဖြင့် အကျဉ်းကျခံနေရသူများအနက် နိုင်ငံတော်တည်ငြိမ်ရေးနှင့်အများပြည်သူ အေးချမ်းသာယာ ရေးကိုထိပါးမည့်၊ တိုင်းရင်းသားအကျိုးစီးပွားကိုထိပါးမည့် အန္တရာယ်မရှိနိုင်သော အကျဉ်းသား များကိုလွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါ၍ နိုင်ငံတော်သမ္မတ၏မေတ္တာစေတနာကို ထင်ဟပ်ဖော်ပြသည့် အနေဖြင့် ၄င်းတို့အား ကျခံနေရသောပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းထောင်မှလွှတ်ပေးရေးကို အလေးထား စဉ်းစားပေးပါရန် ၂ဝ၁၁ခုနှစ်၊ အောက်တိုဘာလ ၁ဝရက်စွဲပါ အိတ်ဖွင့်စာဖြင့် မေတ္တာရပ်ခံတင်ပြခဲ့ပါသည်။
၂။    နိုင်ငံတော်သမ္မတကြီးအနေဖြင့် ၂ဝ၁၁ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့တွင် အကျဉ်းကျနေသူ ၆၃၅၉ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါသဖြင့် များစွာအားရကျေနပ် မိပါသည်။
၃။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် အထက်ပါကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်းကိုလည်းကောင်း၊ ပြည်တွင်းပြည်ပမှ ထောက်ခံကြိုဆိုသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အခန်းကဏ္ဍကိုလည်း ပိုမိုစိတ်ဝင်စားကာ အသိအမှတ်ပြုလာကြသည်ဟု ယူဆရပါသည်။
၄။    မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းကျသူများအနက် အချို့မှာ နိုင်ငံရေး လှုပ်ရှားမှုပြုလုပ်ခဲ့သူများ ပါဝင်သော်လည်း ၄င်းတို့အကျဉ်းကျနေခြင်းသည် တည်ဆဲဥပဒေ ကိုချိုးဖောက်သဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်သည်ဟူသော နိုင်ငံတော်အစိုးရ၏ ရပ်တည် ချက်ကိုလည်း ကော်မရှင်အနေဖြင့်လက်ခံသဘောပေါက်ပါသည်။ တစ်ဖက်တွင်လည်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အချို့သောနိုင်ငံတို့က မြန်မာနိုင်ငံတွင် ” ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ” ” ဏမငျသညနမ သ် ဃသညျခငနညခန” ဟုဖော်ညွှန်းသော အကျဉ်းကျ နေသူ၂ဝဝဝနီးပါးရှိ သည်ဟု ပြောကြားမှုများရှိပါသည်။ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ သည့် အကျဉ်းသား၆၃၅၉ဦးအနက် အဆိုပါ စာရင်းဝင်အကျဉ်းသား ၂ဝဝကျော်ခန့်ရှိသည် ဟုလည်း ပြောဆိုလျက်ရှိပါသည်။
၅။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနများ သို့ မေးမြန်းစုံစမ်းခဲ့ရာတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများသည် အနောက်နိုင်ငံအချို့နှင့် အခြားသတင်းအရင်းအမြစ်ဌာနများမှ ၂ဝဝဝနီးပါးရှိသည်ဟုဆိုသော စာရင်းကိုတောင်းယူပြီး အကျဉ်းကျနေသူများ စာရင်းနှင့်တိုက်၍စစ်ဆေးရာတွင် ထိုစာရင်း အနက် အကျဉ်းထောင်များတွင် ၅ဝဝခန့်သာရှိကြောင်းသိရှိရပါသည်။ အဆိုပါ ၅ဝဝအနက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂ဝဝကျော်လွှတ်ပေးခဲ့သည်ကို သိရှိရပါသဖြင့် များစွာကျေနပ် ဝမ်းမြောက်မိပါသည်။
၆။    အဆိုပါကျန်ရှိသည့် အကျဉ်းကျနေသူများအပြင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများ ပြည်သူအေးချမ်း သာယာရေးကိုထိပါးမည့်၊ တိုင်းရင်းသားအကျိုးစီးပွားကိုထိပါးမည့် အန္တရာယ် မရှိနိုင်သော အကျဉ်းသားများကို ထပ်မံလွှတ်ပေးခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ၄င်းတို့ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နိုင်ကြမည့်အပြင် အမျိုးသားစည်းလုံး ညီညွတ်ရေး ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေလိမ့်မည်ဟု ယူဆပါသည်။
၇။    သို့ပါ၍ နိုင်ငံတော်သမ္မတ၏စေတနာကို ထင်ဟပ်ဖော်ပြသည့်အနေဖြင့် နောက်တစ် ကြိမ်လွတ်ငြိမ်းချမ်းသာ ခွင့်ပြုသည့်အခါ အထက်ဖော်ပြပါအကျဉ်းသားများကို ပြစ်ဒဏ်အသီးသီး မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်း ထောင်မှလွှတ်ပေးရေးကို အလေးထား စဉ်းစား ပေးပါရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ထပ်မံမေတ္တာရပ်ခံ တင်ပြအပ်ပါသည်။
၈။    အကျဉ်းကျခံနေရသူများအနက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် လိုအပ်ချက်အရ လွတ်ငြိမ်း ချမ်းသာခွင့်တွင် ထည့်သွင်းမပေးနိုင်သေးသည့်သူများရှိပါကလည်း ထိုသူများသည် မိသားစုနှင့်ဝေးလံသည့်ဒေသရှိ အကျဉ်းထောင်များတွင် ကျခံနေရသူများ ဖြစ်ပါ က မိသားစုတွေ့ဆုံနိုင်ရန် သွားလာ၍လွယ်ကူသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေး နိုင်ပါရန်လည်း စဉ်းစားပေးပါရန် တင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်

(ပုံ) ဝင်းမြ
ဥက္ကဋ္ဌ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ (ကိုယ်စား)

ရက်စွဲ၊ ၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
နေရာ၊ ရန်ကုန်မြို့