မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များတွင် တည်ရှိသော အကျဉ်းထောင်နှင့် ရဲအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်(၄/၂၀၁၅)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ်မြမြတို့သည် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်ပါလျက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များရှိ အကျဉ်းထောင်များနှင့် အချုပ်ခန်းများအား ၂-၄-၂၀၁၅ ရက်နေ့မှ ၆-၄-၂၀၁၅ ရက်နေ့အထိ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့များသည် စာရင်းဇယားများအား ဖတ်ရှုလေ့လာခြင်း၊ အိပ်ဆောင် များအတွင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် အကျဉ်းသား၊ အချုပ်သားအချို့တို့အား တစ်ဦးချင်း သီးခြား တွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

၃။      စစ်ဆေးတွေ့ရှိချက်များမှာ-

(က)   ဘူးသီးတောင်နှင့် စစ်တွေအကျဉ်းထောင်တွင် ပြည်နှင်ဒဏ် ရရှိပြီး၊ ၂ နှစ် ကျော်လွန် ချုပ်နှောင်ထားသည့် အချုပ်သားများအား တွေ့ရှိခဲ့ရပါသည်။

( ခ)    ဘူးသီးတောင်အကျဉ်းထောင် ပြင်ပတွင်ရှိသော ရေသန့်စက်ရုံသည် အတွင်း/အပြင်                    သန့်ရှင်းရေး ညံ့ဖျင်းကြောင်း တွေ့ရှိရပါသည်။

( ဂ)    ဘူးသီးတောင်နှင့် စစ်တွေအကျဉ်းထောင်များတွင် လုံခြုံရေးနှင့် ကျန်းမာရေးဝန်ထမ်း အင်အား နည်းပါးကြောင်း တွေ့ရှိရပါသည်။

(ဃ)    ဘူးသီးတောင်နှင့် စစ်တွေအကျဉ်းထောင်တို့တွင် ဝင်ဆံ့မှုထက် ပိုလွန်သောအင်အား များကို လက်ခံထိန်းသိမ်းနေရကြောင်း တွေ့ရှိရပါသည်။

(င)    ဘူးသီးတောင်ရဲစခန်းရှိ အချုပ်ခန်းအတွင်းသို့ ဝင်ရောက်ရာတံခါးပေါက်သည် များစွာ ကျဉ်းမြောင်းကြပ်တည်း ကြောင်း တွေ့ရှိရပါသည်။

( စ)    ဘူးသီးတောင်ရဲစခန်းရှိ အချုပ်ခန်းများသည် လေဝင်/လေထွက်နှင့် အလင်းရောင်                     ကောင်းမွန်စွာ မရရှိခြင်း၊ အနံ့အသက် မကောင်းခြင်း၊ ကြမ်းခင်းများ ပေါက်ပြဲပျက်စီး                 နေခြင်းများကို တွေ့ရှိရပါသည်။

(ဆ)    စစ်တွေရဲစခန်း၏ အချုပ်ခန်းများသည် ကြမ်းပြင်များ ပေါက်ပြဲဆွေးမြေ့ပျက်စီးနေ            ခြင်း၊ အမှိုက်သရိုက်နှင့် ကွမ်းတံတွေးများ ရှိနေခြင်း၊ အိမ်သာများ ညစ်ပတ်ပြီး တံခါး               မရှိခြင်းတို့ကို တွေ့ရှိရပါသည်။

( ဇ)    စစ်တွေရဲစခန်းအချုပ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူပြီး၊ ရဲတပ်ဖွဲ့တွင် ပြန်လည်တာဝန်ပေးအပ်မည့် ရဲတပ်ဖွဲ့ဝင် အချုပ်သားများ ကို အခြားအချုပ်သားများနှင့်အတူ ချုပ်နှောင်ထားခြင်းကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များ

၄။      ဘူးသီးတောင်အကျဉ်းထောင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်-

(က)   ပြစ်ဒဏ်မှ လွတ်မြောက်၍ ပြည်နှင်ဒဏ် ချမှတ်ပြီးဖြစ်သော်လည်း ပြန်လည်ချုပ်နှောင် ထားသည့်ကာလ ၂ နှစ်ကျော်လွန်နေသည့် နိုင်ငံခြားသားအကျဉ်းသား ၄၅ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး ဦးစီး ဌာနနှင့် ညှိနှိုင်း၍ အသေးစိတ်စစ်ဆေးစိစစ်မှုများ ပြုလုပ်သင့်ပါသည်။

(ခ)    ဘူးသီးတောင်အကျဉ်းထောင် ရေသန့်စက်ရုံ၏ သန့်ရှင်းရေးနှင့် ပတ်သက်၍ ရေသန့် စက်ရုံအတွင်း မဝင်မီ လက်ဆေးနိုင်ရေးအတွက် လက်ဆေးကန် ထားရှိရန်၊ စက်ရုံ အခန်းတွင် သီးသန့်ဖိနပ် ထားရှိရန်၊ ရေစစ်ကန်တံခါးကို လိုအပ်သည့်အခါမှသာ ဖွင့်ရန်နှင့် စက်ရုံဝင်ပေါက်တွင် တံခါးမကြီး တပ်ဆင်ခြင်းများ ပြုလုပ်သင့်ပါသည်။

(ဂ)    ဘူးသီးတောင်အကျဉ်းထောင်တွင် လစ်လပ်လျက်ရှိသော ဆရာဝန်၊ သူနာပြုများကို                   ဖြည့်စွက်ခန့်ထား နိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    ဘူးသီးတောင်အကျဉ်းထောင်တွင် အတက်ရောဂါခံစားနေရသော အကျဉ်းသူနှင့်              လည်ပင်းကြီးရောဂါ ခံစားနေရသော အကျဉ်းသားတို့ကို သင့်လျော်သော အကျဉ်း           ထောင်သို့ ပြောင်းရွှေ့ကုသရန် စီစဉ်ပေးသင့် ပါသည်။

( င)    TB ရောဂါသည် အကျဉ်းသားလူနာများကို အခြားလူနာများနှင့် ခွဲခြားထားရှိပြီး TB ​ရောဂါသည်လူနာများတွင် HIV ပိုး ရှိ/မရှိ ကာယကံရှင်၏ ဆန္ဒရယူပြီး စစ်ဆေးသင့်ပါသည်။

( စ)   အချုပ်ကာလ ကြာမြင့်သည့် အချုပ်သားများအား အမြန်ဆုံးတရားစီရင်နိုင်ရေး အတွက် တရားစွဲအဖွဲ့အစည်းများ၊ တရားရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသင့်ပါသည်။

(ဆ)   မိသားစုလိုက် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက် ပြစ်ဒဏ်နည်းသည့် အကျဉ်းသားအား အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် ဥပဒေအတွင်းမှ ကူညီ စောင့်ရှောက်မှုများ ပြုလုပ်သင့်ပါသည်။

(ဇ)    အကျဉ်းသားအိပ်ဆောင်များအတွင်း ကြွက်၊ ခြင်၊ ယင်၊ ကြမ်းပိုးများ ပပျောက်စေရန် စီမံချက် ချမှတ်ဆောင်ရွက်သင့်ပါသည်။

၅။      စစ်တွေအကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်-

(က)    ဖျားနာနေသောအကျဉ်းသား/သူများ၏ ကျန်းမာရေးကို ထိရောက်စွာကုသပေးသင့် ပါသည်။

(ခ)    အိပ်ဆောင်များအတွင်းရှိ နေ့အိမ်သာများတွင် ရေရရှိရေးအတွက် ပိုက်ဖြင့် သွယ်တန်း၍ ဆောင်ရွက်ပေးသင့် ပါသည်။

( ဂ)    အိပ်ဆောင်များအတွင်းရှိ အိမ်သာများကို အဖုံးများ ဖုံးအုပ်ထားသင့်ပါသည်။

(ဃ)    ထမင်း၊ ဟင်း ချက်ပြုတ်သည့် အကျဉ်းသားများအား ကူးစက်ရောဂါ ရှိ/ မရှိနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပုံမှန်စစ်ဆေးသင့်ပါသည်။

( င)    အချုပ်ကာလ ကြာမြင့်သည့် အချုပ်သားများအား အမြန်ဆုံး တရားစီရင်နိုင်ရေး အတွက် တရားစွဲအဖွဲ့အစည်းများ၊ တရားရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသင့်ပါသည်။

          ( စ)    သေဒဏ်အပါအဝင် ပြစ်ဒဏ်ကြီးမားသော အကျဉ်းသားများအတွက် အတွင်း                အယူခံကိစ္စများကို သတ်မှတ်ကာလအတွင်း ဆောလျင်စွာ ဆောင်ရွက်ပေးသင့်ပါ             သည်။

၆။      ဘူးသီးတောင်ရဲစခန်းရှိ အချုပ်ခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်သင့် ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်-

(က)    အချုပ်ခန်းအတွင်းသို့ ဝင်ရောက်ရာတံခါးနှင့် လေဝင်ပေါက်များကို ပြုပြင်ဖောက် လုပ်သင့်ပါသည်။

(ခ)    အချုပ်ခန်းအတွင်း ကြမ်းခင်းများ ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း၊ ရေ၊ မီး၊ အိမ်သာများ ပြုပြင်ခြင်းများ ဆောင်ရွက်သင့်ပါသည်။

၇။      စစ်တွေမြို့မရဲစခန်းရှိ အချုပ်ခန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းအပ် ပါသည်-

(က)    အချုပ်ခန်းများကို ပြုပြင်မွမ်းမံသင့်ပါသည်။ အိမ်သာတွင် တံခါး ထားရှိသင့်ပါသည်။

( ခ)    မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူပြီး၊ ရဲတပ်ဖွဲ့တွင် ပြန်လည်တာဝန်ပေးအပ်မည့် ရဲတပ်ဖွဲ့ဝင်အချုပ်သားများကို သီးခြားချုပ်နှောင် သင့် ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဧပြီလ   ၃၀ ရက်