တိုင်ကြားစာကွင်းဆင်းစုံစမ်းစစ်ဆေးခြင်းနှင့် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများပြုလုပ်ခြင်း
၁။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင်
ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်ဒေါက်တာဉာဏ်ဇော်၊ ဦးခွထီးယိုးတို့ပါဝင်သော အဖွဲ့သည်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊
ကျောက်ဖျာကျေးရွာအုပ်စု၊ ထူးတွင်းရွာသား(၁၂၉)ဦး၏ တိုင်တန်းချက်နှင့် ပတ်သက်၍
(၁-၅-၂၀၁၄) ရက်နေ့နှင့် (၂-၅-၂၀၁၄) ရက်နေ့များတွင် သပိတ်ကျင်းမြို့နယ်ရှိ
အခင်းဖြစ်နေရာသို့ ကွင်းဆင်းသွားရောက်ပြီး ဒေသခံလူထုနှင့် တွေ့ဆုံခြင်း၊
ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဆွေးနွေးခြင်း၊ သက်သေများအား စစ်ဆေး၍
ထွက်ဆိုချက်များ ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ တပ်မြေအဖြစ်သိမ်းဆည်းရာတွင်
ကျောက်ဖျာကျေးရွာအုပ်စု ထူးတွင်းရွာမှ တောင်သူ (၁၀၈)ဦး၏ စိုက်ပျိုးမြေဧက
(၉၀၀)ကျော် ပါဝင်ခဲ့သဖြင့် ကျေးရွာလူထု၏ နစ်နာမှုအတွက် သင့်လျော်သလို
ဖြေရှင်းပေးခြင်း၊ ကုစားပေးခြင်းများအား နိုင်ငံတော်အနေဖြင့် သို့မဟုတ်
တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုခဲ့ပါသည်။
၂။ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုအရ (၁၄-၁-၂၀၁၄) ညတွင် ထူးတွင်းရွာ ယာခင်းအတွင်း
တည်ဆောက်နေထိုင်သောအိမ်များသို့ တတက (၁၃)မှ အရာရှိနှင့် စစ်သည်အချို့ ရောက်ရှိလာပြီး
သစ်ကားများ ဖြတ်သန်းခြင်းရှိမရှိ စုံစမ်း၍ ပြန်လည်ထွက်ခွာသွားသော ဖြစ်စဉ်သာ ဖြစ်ပွားခဲ့ပြီး
တိုင်တန်းဖော်ပြထားသော ယာတဲများကို ဝင်ရောက်ရှာဖွေခြင်း မရှိခဲ့ကြောင်း
စစ်ဆေးတွေ့ရှိရပါသည်။
(၁၅-၁-၂၀၁၄)နေ့လည်တွင် တတက(၁၃)မှ သင်တန်းမှူးဦးစီးသော ကွန်မန်ဒို အကြပ်ကြီး
သင်တန်းသားများ တပ်ပါလေ့ကျင့်ခန်းပြုလုပ်ရန် ရောက်ရှိလာပြီး အရာရှိအမိန့်အရ သစ်များ
ရှာဖွေ ဖမ်းဆီးပြီးနောက် ကွန်မန်ဒိုတပ်ဖွဲ့ လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်း၊
လေ့ကျင့်ခန်းမှာ အသံပေးကျည်စစ် ပစ်ခတ်ခြင်းပါရှိပြီး ဘီအေ (၆၃)
မောင်းပြန်ရိုင်ဖယ်ကျည် (၁၆၀)တောင့်နှင့် ဘရင်းဂန်းကျည် (၃၀)တောင့် တို့အား
တပ်ကြပ်ကြီး(၂) ဦးမှ ကိုယ်တိုင်လျှိုအတွင်း မြေသားနံရံအား ချိန်ရွယ်၍
အသံပေးပစ်ခတ်ခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။ ဤပစ်ခတ်စဉ်အတွက် ကျေးရွာသို့
ကြိုတင်အသိပေးအကြောင်းကြားခြင်း မရှိသဖြင့် ရွာသားအချို့ ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရပါသည်။
တိုင်တန်းချက်တွင် သစ်များအား တတက (၁၃) အရာရှိများမှ
ဖမ်းဆီးသွားကြောင်း ဖော်ပြပါရှိရာ တတက (၁၃)အရာရှိများမှ သစ်များဖမ်းဆီးသည်မှာ
မှန်ကန်ပါသည်။ အဆိုပါ သစ်ဖမ်းဆီးမှုတွင် ပိုင်ရှင်(၃)ဦး၏ သစ်မာများအား
ဖမ်းဆီးရရှိပြီး တွင်းငယ်ရွာ သစ်တောဌာနနှင့် ရဲတပ်ဖွဲ့မှ လက်ခံသိမ်းဆည်းခဲ့ကြောင်း၊ မြို့နယ်သစ်တော ဦးစီးမှူး၏ တင်ပြချက်အရ သစ်မာ (၁.၇၉၃)တန်ရှိကြောင်း သစ်ပိုင်ရှင်များအား သစ်တောဥပဒေပုဒ်မ ၃၃(က)အရ တစ်ဦးလျှင် ဒါဏ်ငွေ ၁၀၀၀၀
ကျပ် ဒါဏ်ရိုက် ခဲ့ကြောင်းသိရပါသည်။
နေ့လည် (၁)နာရီတွင် တပ်မှ အရာရှိများက
ဖမ်းဆီးသစ်ပိုင်ရှင် (၂)ဦးကို ၎င်းတို့၏ မော်တော်ဆိုင်ကယ်များဖြင့် တင်ဆောင်လာ၍
တတက (၁၃)ကျောင်းသို့ ခေါ်ဆောင်သွားပြီး တပ်ရေးဗိုလ်ကြီးထံ အပ်နှံခဲ့ကြောင်း
၎င်းတို့(၂)ဦးအား သစ်ကိစ္စနှင့်ပတ်သက်၍ တပ်မတော်မှဖမ်းဆီးခြင်းမဟုတ်ကြောင်း
ခံဝန်ချုပ်လက်မှတ်ရေးထိုးစေပြီး ညနေ(၅)နာရီခန့်တွင် လွှတ်ပေးခဲ့ကြောင်း
စစ်ဆေးသိရှိရပါသည်။
၃။ ကော်မရှင်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးရှိ သပိတ်ကျင်းမြို့၊
မိုးကုတ်မြို့နှင့် ပြင်ဦးလွင်မြို့များသို့ (၁-၅-၂၀၁၄)ရက်နေ့မှ
(၄-၅-၂၀၁၄)ရက်နေ့အထိ ကွင်းဆင်းသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း
လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကိုလည်း
ပြုလုပ်ခဲ့ပါသည်
