မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏
လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်လေ့ကျင့် ပညာပေးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အရ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တွင် ခရိုင်အတွင်းရှိ
အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေရန်
ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့
နံနက် ၉ : ၀၀ နာရီက
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးသစ်ခန်းမ၌
ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နှင့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်
တို့ကတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။
အလုပ်ရုံသင်တန်းတွင်
လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာသဘောတူစာချုပ်၊
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ တိုင်တန်းချက်များ နှင့်
နယ်မြေအတွင်း လူ့အခွင့်အရေးဖြစ်စဉ်များအား ဆွေးနွေးခြင်း ၊
ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ
နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များ စသည့် သင်ခန်းစာများကိုပို့ချပြီး
အဖွဲ့လိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံသင်တန်းသို့
ခရိုင်အတွင်းမှ အစိုးရအရာထမ်း (၅၁) ဦးတက်ရောက်ကြပြီး သင်တန်းကို မတ်လ ၈ ရက်နေ့အထိ (၂) ရက်ကြာ
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။



