မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သုံးခွနှင့် ခရမ်းမြို့နယ်များသို့ သွားရောက်၍ လူ့အခွင့်အရေး အကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲ များ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၈၅) ဦး စိတ်ပါဝင်စားစွာ တတ်ရောက်ခဲ့ပါသည်။
အလားတူ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ခရမ်းမြို့ နယ်ရှိ ဗြဟ္မစိုရ်ခန်းမတွင် ယင်းနေ့ မွန်းလွဲ ၁၃:၃၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ခရမ်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၄၅) ဦး တတ်ရောက် ခဲ့ပါသည်။
အဆိုပါအခမ်းအနားများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဦးစစ်မြိုင်က လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင်
ဦးညွန့်တင်မှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊
ဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ
အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသူများမှ
သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည့် အနက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲ
ဆက်လက်လုပ်ဆောင်သွားရန်နှင့် လူ့အခွင့်အရေး သင်တန်းများ ဖွင့်လှစ်ရန် အစီအစဉ်
ရှိမရှိကိုလည်းကောင်း၊ မြို့နယ်အဆင့်တွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များ
ထားရှိရန် အစီအစဉ် ရှိမရှိနှင့် ကမ္ဘာ့
လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅)ပါ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍
ရှင်းလင်း ဆွေးနွေးပေးပါရန် အစရှိသည့် မေးမြန်းမှုများအပေါ် ကော်မရှင် ဒုတိယ
ဥက္ကဋ္ဌ ဦးစစ်မြိုင်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြား ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်
လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာ သိရှိနားလည်စေရန် ရည်ရွယ်၍
လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။



