မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မော်လမြိုင်အချုပ်ထောင်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည်
၁၃-၆-၂၀၂၂ ရက်နေ့နှင့် ၁၄-၆-၂၀၂၂ ရက်နေ့များတွင် မော်လမြိုင်အချုပ်ထောင်ကို
လည်းကောင်း၊ ၁၅-၆-၂၀၂၂ ရက်နေ့တွင် ကျိုက်မရောဗဟိုအကျဉ်းထောင်နှင့် ကျိုက်မရောမြို့မ
ရဲစခန်း ကိုလည်းကောင်း၊ ၁၆-၆-၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့မရဲစခန်းနှင့် မုပွန်နယ်မြေရဲစခန်း
တို့ကို လည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ဗဟိုအကျဉ်းထောင်နှင့်
အချုပ်ထောင်တို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း
ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများကို
အုပ်စုလိုက်ခွဲ၍တွေ့ဆုံကာ အကျဉ်းသား/အချုပ်သား တစ်ဦး၏
အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊
ကျန်းမာရေးစောင့် ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာ ရရှိခြင်း
ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိ ခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားမှု
အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၃။ ဗဟိုအကျဉ်းထောင်နှင့်
အချုပ်ထောင်တို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ အိပ်ဆောင်များ၊ ထောင်တွင်းဆေးရုံ/ဆေးခန်း၊
တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊
ရေသန့်စက်၊ သောက်ရေနှင့်သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကိုလည်းကောင်း၊
အကျဉ်းသား/အချုပ်သားများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၄။ အချုပ်ထောင်နှင့် ဗဟိုအကျဉ်းထောင်တို့ရှိ
အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများ ပါရှိသော
မှတ်စုစာအုပ် ၅၀၀ အုပ်၊ ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀၀ အုပ်နှင့် Oxygen Regulator ၅ လုံး တို့ ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ
အကျဉ်းထောင်တာဝန်ခံအရာရှိတို့မှ လက်ခံရယူခဲ့ပါသည်။
၅။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို
အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည်
ဖြစ်ပါ သည်။

