မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်အစည်းအဝေးတက်ရောက်ခြင်း
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ
ဖိုရမ်(SEANF) ၏ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်
ဦးညွန့်ဆွေတို့သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်
မှ ၇ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ
ဖိုရမ်၏ ၁၁ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဆွေးနွေးကြသော ဘာသာရပ်များအနက်
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ (SEANF) ၏ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အထိ မဟာဗျူဟာ စီမံကိန်း၏အခြေအနေ၊ SEANF ၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေးကိစ္စ၊ SEANF နှင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ
ကော်မရှင် (AICHR) တို့ ထိတွေ့ဆက်ဆံမှု ကိစ္စရပ်များ၊
စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်
နှစ်ရပ်အပေါ် SEANF ၏ ဆောင်ရွက်ချက်များနှင့် အသက်အရွယ်ကြီးရင့်သူများ
အခွင့်အရေး စသည်တို့ ပါဝင်သည်။
