မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ၂၀၁၇ ခုနှစ် လုပ်ငန်းအစီအစဉ်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ
၁။ မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်လုပ်ငန်း အစီအစဉ်အရ လူ့အခွင့်အရေးဆိုင်ရာ
အသိပညာဗဟုသုတများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော
ရဲအရာရှိများမှတစ်ဆင့် ပြန့်ပွားစေရန်နှင့် ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင်
လူ့အခွင့်အရေးများကို မထိခိုက်စေဘဲ ဥပဒေ နှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက်
အထောက်အကူပြုစေရန် ရည်ရွယ်၍ပြုလုပ်သော မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း
ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ
၂၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် မကွေးတိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း
ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ပြီး အဖွင့်အမှာစကား
ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့်
စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူး
ရဲမှူးကြီးလှသန်းက အမှာစကားဆက်လက် ပြောကြားခဲ့သည်။
၂။ အဆိုပါ အလုပ်ရုံသင်တန်းကို ၂
ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များမှ
ရဲမှူး၊ဒုရဲမှူးမှသည် ဒုရဲအုပ် အဆင့်အထိ ရဲအရာရှိပေါင်း (၅၀) ဦး တက်ရောက်ကြပါသည်။
အလုပ်ရုံသင်တန်းအတွင်း လူ့အခွင့်အရေးအခြေခံ အယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး
ကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ၊
ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်
တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် အကြောင်းတို့ကို ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့်
အလားတူ ရဲအရာရှိများ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊
မတ်လအတွင်းတွင် ကချင်ပြည်နယ်ရဲတပ်ဖွဲမှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက်
လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


