မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကလေးသူငယ်ကွန်ရက်မှ ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေးခြင်း

  • News

 ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂါတ်များ ဖြစ်ပါသည်။ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ကျန်ရှိမှု အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး၊ အကာအကွယ် ရရှိပိုင်ခွင့် အခွင့်အရေးနှင့် ပါဝင်ဆောင်ရွက်ခွင့်အခွင့်အရေးများကို ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ပေးရန် အရေးကြီးလှပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ကော်မရှင ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကလေးသူငယ်အခွင့်အရေး ကိစ္စရပ်များကို ဖော်ဆောင်လျက်ရှိပါသည်။ ထိုသို့ ဖော်ဆောင်ရာတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ဟောပြောခြင်း၊ ကလေးသူငယ် အခွင့်အရေး ထိပါးခံရမှုများနှင့်စပ်လျဉ်း၍ အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အပြင် အခါအားလျော်စွာ ကလေးသူငယ်များနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ကလေးသူငယ် ကွန်ရက်အသီးသီးမှ ကိုယ်စားလှယ် များသည် ကော်မရှင်ရုံး သို့လာရောက်၍ တွေ့ဆုံဆွေးနွေးလေ့လာမှုများ ဆောင်ရွက် ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်လေး၊ ကော်မရှင်အဖွဲ့ဝင် ဉီးညွန့်တင်နှင့် ကော်မရှင်ရုံးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ ရှေးဉီးစွာ ကော်မရှင်အဖွဲ့ဝင်များက နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်း သိကောင်း စရာများကို ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဉီးအာကာဟိန်းစိုး၊ Child Desk ကဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဉီးသူရကျော်တို့က ကော်မရှင်၏ ကလေးသူငယ်အခွင့်အရေးမြှင့်တင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေး လုပ်ငန်းများကို ဖြည့်စွက် ရှင်းလင်းခဲ့ပါသည်။ ယင်းနောက် ကလေးသူငယ်ကိုယ်စားလှယ် များက ဒေသအသီးသီးတွင် ကြုံတွေ့နေရသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အခက်အခဲ များ၊ ထိပါးချိုးဖောက်ခံ နေရမှုများနှင့် ကော်မရှင်အကြောင်း သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့ကြ ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကလေးသူငယ်ကိုယ်စားလှယ်များသည် ကော်မရှင်ရုံးအတွင်း လုပ်ငန်း ဆောင်ရွက် မှုအခြေအနေများ၊ တိုင်တန်းစာများ စိစစ်မှုအခြေအနေများကို ကြည့်ရှုလေ့လာ ခဲ့ကြပါသည်။

Recent News