မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ
မြို့နယ်ပေါင်း ၁၁၅ မြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲများကို ၂၀၁၁
ခုနှစ်မှ စတင်၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။
လူ့အခွင့်အရေး အဓိပ္ပါယ်နှင့် အခြေခံအချက်များကို
မြို့ရွာ ကျေးလက်အားလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိလာပြီး ပြည်သူ
တစ်ဦးချင်းစီက လူ့အခွင့်အရေးကို မှန်ကန်စွာ လေးစားလိုက်နာကျင့်သုံးနိုင်စေရန်
ရည်ရွယ် ချက်ဖြင့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး
ဆွေးနွေးပွဲခရီးစဉ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း လူ့အခွင့်အရေး
ပညာပေးသူများကွန်ရက်၊ ညီမျှခြင်းမြန်မာ အဖွဲ့တို့နှင့် ပူးပေါင်း ၍
စတင်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ
ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သည့် ကော်မရှင်ရုံးဝန်ထမ်းများ၊
လူ့အခွင့်အရေးပညာပေးသူများကွန်ရက် နှင့် ညီမျှခြင်းမြန်မာ မှ နည်းပြများ ပါဝင်သာ
အဖွဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်၊
ဥတိုကျေးရွာရှိ စိတ္တသုခကျောင်း ဘုန်းတော်ကြီးကျောင်းတွင် လူ့အခွင့်အရေး အသိပညာပေး
ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းမှ ပြည်သူလူထု ၂၃၀ ဦး တက်ရောက်ခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် တော်လတီကျေးရွာ၊ တော်လတီ ကျောင်းကြီး တွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ
ပြည်သူလူထု ၁၆၄ ဦး တက်ရောက်ခဲ့ပါသည်။
အလားတူ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင်
မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာ သန္ဓေပင်အုပ်ချုပ်ရေးမှူးရုံးတွင် လူ့အခွင့်အရေး
အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု ၈၈ ဦး
တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ပိန္နဲကုန်းကျေးရွာ
အောင်ပြည့်လျှံကျောင်းတိုက် ဓမ္မာရုံတွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ
ကျေးရွာနေပြည်သူလူထု ၁၁၃ ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲများတွင်
လူ့အခွင့်အရေး၏ အဓိပ္ပါယ်နှင့် အခြေခံ အယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး
ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး
ကော်မရှင်အကြောင်းတို့ကို ဗွီဒီယို၊ ရုပ်ပုံကားချပ်များဖြင့် ဆွေးနွေးမှုများ
ဆောင်ရွက်ခဲ့ရာ တက်ရောက်သူများက တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်း၊ သိရှိလိုသည်များကို
စိတ်ပါဝင်စားစွာ မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ဥတိုကျေးရွာနှင့်
သန္ဓေပင် ကျေးရွာမှ တက်ရောက် လာသူအချို့က မိမိတို့အနေဖြင့်
လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ မည်သို့ တိုင်ကြားရမည်ကို မေးမြန်းခဲ့ကြပြီး၊
ဆွေးနွေးပွဲအပြီးတွင် ယခင်ကထက် ပြည့်ပြည့်စုံစုံ သိရှိလာရသဖြင့်၊ ယခုကဲ့သို့
ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကြောင့် အကျိုးကျေးဇူး များစွာ ရရှိပါကြောင်း
ပြောကြားခဲ့ကြပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်အနေဖြင့် ကျေးရွာနေပြည်သူလူထု အတွက် ဦးတည်၍ ၂၀၁၈ ခုနှစ်အတွင်း၌
ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးမှုများကို စီမံချက်
ချမှတ်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
